အဆိုတော်တွေကို ချစ်သူတော်ရတဲ့ အားသာချက်တစ်ခု ရှိပါတယ်။ သူတို့ရဲ့ ချစ်သူ၊ ဇနီးလောင်းတွေဟာ ကိုယ့်တစ်ယောက်တည်းအတွက် ရည်ရွယ်စပ်ဆိုထားတဲ့ သီချင်းတွေကို ခံစားခွင့်ရှိပါတယ်။ အဆိုတော်အများစုဟာ သူတို့ရဲ့ ဂီတသက်တမ်းမှာ ချစ်သူ(သို့)ဇနီးအတွက် ရည်ရွယ်ပြီး အနည်းဆုံးသီချင်းတစ်ပုဒ်လောက်တော့ ရေးစပ်ခဲ့ကြပါတယ်။ ကိုရီးယားအဆိုတော် အိုပါးတွေလည်း သူတို့ရဲ့ ချစ်သူ(သို့)ဇနီးလောင်းအတွက် ရည်ရွယ်ပြီး သီချင်းတွေ စပ်ဆိုခဲ့ကြပါတယ်။ ကာယကံရှင်မိန်းကလေးတွေ မဆိုထားနဲ့ ဘေးကကြားရသူတွေကိုတောင် တဖြုတ်ဖြုတ်ကြွေ သွားစေလောက်တဲ့ အချစ်သီချင်းလေးတွေပါ။

#Taeyang (Eyes, Nose, Lips)

Taeyang က Infinite Challenge ဆိုတဲ့ variety show မှာ ၀န်ခံခဲ့တာပါ။ ဒီသီချင်းက တစ်စုံတစ်ယောက်အတွက် ရေးစပ်ထားတယ်ဆိုပြီး ကောလာဟလထွက်နေတဲ့ အပေါ် “ဒီသီချင်းက ကျွန်တော်တောင် နာမည်တခါမှ မကြားဖူးသေးတဲ့ မိန်းကလေးအတွက် ရေးစပ်တာဆိုပြီး လူတွေပြောနေတာကြားတယ်ဗျာ … တကယ်က ဒီသီချင်းဟာ Min Hyo Rin ရဲ့အကြောင်းပါ” ဆိုပြီး တခြားတစ်ယောက်အတွက် မဟုတ်ဘဲ သူမအတွက်ပါလို့ အတိအကျ ထုတ်ပြောခဲ့တာပါ။ သူတို့နှစ်ယောက် ခဏလေးလမ်းခွဲပြတ်စဲနေချိန်မှာ ပွင့်အန်ကျလာတဲ့ ခံစားချက်အမှန်တွေကို သီချင်းအဖြစ် ပုံဖော်ထားတာပါ။

G-Dragon ကလည်း ဒါနဲ့ပတ်သက်ပြီး အခုလို မှတ်ချက်ချခဲ့ပါတယ်။ “Taeyang နဲ့ Hyo Rin တို့ ခဏလေး ပြတ်စဲနေကြတဲ့အချိန်တုန်းက Taeyang ကိုကြည့်ရတာ အားလုံးကိုဆုံးရှုံးလိုက်ရတဲ့ လူတစ်ယောက်လိုပဲ။ မျက်နှာက သုန်မှုန်နေပြီး တစ်နေ့လုံး သက်ပြင်းတွေပဲချနေတာ။ သူ့ကို Hyo Rin နဲ့အဆင်ပြေလားလို့ ပါးစပ်က ထုတ်မေးနေစရာတောင်မလိုဘူး။ သူ့အမူအယာကြည့်တာနဲ့ သိတယ်” လို့ ပြောခဲ့ပါတယ်။ Taeyang ရဲ့ ဒီသီချင်းက (၂၀၁၄)မှာ ထွက်ရှိခဲ့တာပါ။Taeyang ကတော့ ဒီသီချင်းပိုင်ရှင်လေးကို ဖေဖော်ဝါရီမှာ ဇနီးအဖြစ် ပိုင်ဆိုင်ရတော့မှာပါ။

#Rain (The Best Present)

Rain ရဲ့ တကယ့်သီချင်းကောင်းတွေထဲက တစ်ပုဒ်ပါ။ Kim Tae Hee ကိုရော၊ ဒီသီချင်းကိုကြားရတဲ့ ဘေးလူတွေကိုပါ တဖြုတ်ဖြုတ်ကြွေစေတဲ့ သီချင်းလေးပါ။ Rain ရဲ့ Propose Song လေးပါ။ စာသားတွေထဲမှာကိုက “မင်းရဲ့ သတို့သမီးဝတ်စုံလေးထက် မင်းက ပိုပြီး တောက်ပနေတယ်။ ပြိုလဲသွားချိန်တိုင်း အနားမှာရှိနေပေးတာ မင်းလေးပဲ” ဆိုပြီး တင်စားထားတာကိုလည်း တွေ့ရပါတယ်။

ဇန်န၀ါရီလမှာ ထွက်ရှိခဲ့တဲ့သီချင်းလေးပါ။ Rain ရဲ့ စေ့စပ်သတင်းကို ကြေညာထားတဲ့ လက်ရေးစာမူမှာကိုက ” ငါ့အတွက် မင်းက အကောင်းဆုံး လက်ဆောင်ပါပဲ” ဆိုပြီး ရေးထားတာပါ။ စာသားထဲမှာကိုက သူ့ရဲ့ အချစ်ကို “the greatest joy”  ဆိုပြီးဖော်ညွှန်းထားပါတယ်။ Kim Tae Hee ရဲ့ ကိုရီးယားနာမည်ရဲ့ အဓိပ္ပါယ်က “great joy” ပါ။

#Yoon Jong Shin (Can’t Live Without You)

အဆိုတော် တေးရေးဆရာ Yoon Jong Shin  ကလည်း သူ့ရဲ့ “Can’t Live Without You (Late Autumn)”  ဟာ (၂၀၀၆)တုန်းက လက်ထပ်ခဲ့တဲ့ သူ့ရဲ့ဇနီး Jun Mira အတွက် ရည်ရွယ်တဲ့သီချင်းပါလို့ ၀န်ခံခဲ့ပါတယ်။ ဇနီးကို ဘယ်လောက်ချစ်သလဲဆိုတာကိုတော့ သီချင်းနာမည်ကို ကြားရုံနဲ့ သိနိုင်ပါတယ်။

“Mira အတွက် ရေးစပ်ပေးတဲ့ သီချင်းလေးပါ။ လက်ထပ်ပြီး လေးနှစ်နောက်ပိုင်းမှာတော့ ကျွန်တော့်ဇနီးက ဘယ်လို ကိစ္စတွေနဲ့ပဲ ကြုံကြုံ ကျွန်တော့်အနားမှာ အမြဲရှိနေပေးခဲ့တယ်။ တစ်ကမ္ဘာလုံးနဲ့ တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်တောင် သူမကတော့ ကျွန်တော့် ဘေးမှာရပ်တည်နေပေးမယ့် တစ်ဦးတည်းသော သူပါ” လို့ ပြောခဲ့ပါတယ်။

#Yoon Min Soo of 4Men (Confession)

အဆိုတော် Yoon Min Soo ကလည်း “Confession” ဆိုတဲ့ သီချင်းကို သူ့ရဲ့ ယောက္ခမလောင်းရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်ဖို့ စပ်ဆိုခဲ့တာပါ။ ဇနီးဖြစ်သူရဲ့ မိခင်က သူတို့လက်ထပ်ပွဲကို ဆန့်ကျင်ခဲ့ကြောင်း၊ ဒါကြောင့် စာတစ်စောင်နဲ့ “Confession” ဆိုတဲ့ သီချင်းကို ချစ်သူရဲ့ email ကတစ်ဆင့် ပို့ပေးခဲ့ပါတယ်။

ဒီသီချင်းဟာ Propose Song လို့ လည်း ပြောလို့ရပါတယ်။ ချစ်သူ(အခုတော့ဇနီး)ကို လက်ထပ်ခွင့်တောင်းတော့ ဒီသီချင်းကို ဆိုခဲ့ပါသေးတယ်။ သူမကို ထိုင်စေပြီး၊ သူမရှေ့မှာ ဒီသီချင်းကို သူမအတွက် ဆိုပြခဲ့ဖူးတယ်လို့ Yoon Min Soo ကပြောပါတယ်။

from soompi