Billie Eilish နဲ့ Rosalía တို့ဟာ နောက်ဆုံးတော့ အကြာကြီးစောင့်မျှော်နေရတဲ့ ပရိသတ်တွေကျေနပ်အောင် ၄င်းတို့ပူးတွဲသီဆိုထားတဲ့ သီချင်းတစ်ပုဒ်ကိုထုတ်ပြလိုက်ပြီဖြစ်ပါတယ်။ သူမတို့နှစ်ဦးဟာ ခင်မင်ရင်းနှီးလာတာ ၂နှစ်နီးပါးရှိပြီဖြစ်ကာ စတူဒီယိုမှာလည်း ၂ယောက်အတူရှိနေတာကို တွေ့မြင်ခဲ့ရတာပါ။ အခုဆိုရင်တော့ အဆိုတော်နှစ်ဦးဟာ စပိန်-အင်္ဂလိပ်ဘာသာစကားနဲ့ သီဆိုထားတဲ့ Lo Vas a Olvidar (သူမကို မေ့သွားလိမ့်မယ်) ဆိုတဲ့ သီချင်းကို ကြာသပတေးနေ့မှာ MV ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။

ဒီသီချင်းကိုတော့ Eilish ရဲ့အစ်ကို Finneas က ဖန်တီးထုတ်လုပ်တာပါ။ Lo Vas a Olvidar ဟာ HBO’s Euphoria ရဲ့ Part 2: Jules မှာ ဇာတ်ဝင်တေးအဖြစ် ပါဝင်မှာဖြစ်ပါတယ်။ Apple Music နဲ့ အင်တာဗျူးမှာတော့ အသက်၁၉နှစ်အရွယ် Eilish က သီချင်းပြီးသွားပြီလို့သိလိုက်ရတဲ့အခါ သဘောကျမိခဲ့ကြောင်း ဆိုပါတယ်။ Eilish ဟာ ၂၀၁၇ခုနှစ်က အင်စတာဂရမ်လိုက်ဖ်ထဲမှာလည်း Carla Morrison ရဲ့ Eres Tú သီချင်းကို ကာဗာပြန်ဆိုခဲ့ပါသေးတယ်။ အခုသီချင်းကတော့ Eilish ရဲ့စပိန်ဘာသာနဲ့ပထမဆုံးသီဆိုထားတဲ့ တေးသီချင်းဖြစ်ပါတယ်။

 

View this post on Instagram

 

A post shared by BILLIE EILISH (@billieeilish)

“သီချင်းထဲ တော်တော်များများက စပိန်လိုဆိုတာပေါ့။ ကျွန်မတို့ သီချင်းရေးတဲ့အချိန်ကို မှတ်မိသေးတယ်။ Rosalía က အင်္ဂလိပ်လိုဆိုရင် ဘယ်လိုဖြစ်သင့်တဲ့အကြောင်း ပြောသေးတယ်။ ကျွန်မကတော့ မရဘူး။ စပိန်လိုပဲဆိုမယ်ပြောတာ။ စပိန်လိုဆိုတာ အရမ်းလှတယ်လေ။” လို့ Eilish က ပြောပြပါတယ်။

 

 

View this post on Instagram

 

A post shared by LA ROSALÍA (@rosalia.vt)

Rosalía ဟာ စပိန် ဘာစီလိုနာက ဖြစ်ပါတယ်။ ၂၀၁၉ခုနှစ် မတ်လတုန်းက သူမဟာ တွစ်တာပေါ်မှာ သူမနဲ့ Eilish ရဲ့ဓာတ်ပုံကိုမျှဝေပြီး သီချင်းပြီးဖို့မစောင့်နိုင်တော့ဘူးဆိုတဲ့အကြောင်း စာရေးသားထားခဲ့ရာမှ ပရိသတ်တွေက ၄င်းတို့ရဲ့အတွဲသီချင်းကို စိတ်လှုပ်ရှားစွာစောင့်မျှော်နေခဲ့တာပါ။ ဒါ့အပြင် အသက်၂၇ နှစ်ရှိပြီဖြစ်တဲ့ Rosalía က စတူဒီယိုထဲမှာ Eilish နဲ့အတူတူရှိရတာ စိတ်ခွန်အားရတဲ့အကြောင်းကိုပါ စပိန်ဘာသာစကားနဲ့ ရေးသားပို့စ်တင်ခဲ့တယ်လို့လည်း people သတင်းစာမျက်နှာအရ သိရပါတယ်။

CeleNow