လန်ဒန်မြို့ရဲ့မြေအောက်ရထားပေါ်မှာ ဟာသဗီဒီယိုတွေရိုက်ပြီး လူနောက်တစ်ယောက်အဖြစ်လူသိများနေတဲ့ အသက် (၂၉)နှစ်အရွယ် Elvin Mensah ဟာ အခုလည်း ရထားပေါ်မှာပါလာတဲ့ခရီးသည်အမျိူးသမီးတွေနဲ့ date လုပ်ပြီး ဟာသဗီဒီယိုတွေရရှိဖို့ လုပ်ဆောင်ခဲ့ပါတယ်။

Elvin Mensah ကို ‘that train guy’ လို့လူသိများပြီး သူဟာ ရထားစီးဖော်ခရီးသည်တွေကို အံ့အားသင့်ပြုံးရွှင် သွားအောင် လုပ်နိုင်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။ Elvin Mensah ဟာ ရထားပေါ်ပါအမျိုးသမီးတွေနဲ့ ဒိတ်လုပ်ဖို့အတွက် စားပွဲတစ်လုံးခင်းပြီး စားပွဲပေါ်မှာလည်း နှင်းဆီအနီတစ်ပွင့်နဲ့ဝိုင်ခွက်တွေကိုချထားတဲ့အပြင် အစားအသောက်တွေခင်းကျင်းထားပြီး သူ့ရဲ့ရယ်စရာဗီဒီယိုတွေရရှိဖို့လုပ်ဆောင်ခဲ့ပါတယ်။

ရထားပေါ်မှာဒိတ်လုပ်ပြီး အများပြည်သူပျော်ရွှင်ဖို့ဟာသတွေလုပ်ကာ ဟာသဗီဒီယိုတွေ ဆိုရှယ်မီဒီယာပေါ်တင်တာ အခုဆိုရင်(၃)ကြိမ်မြောက်ရှိပြီဖြစ်ပါတယ်။ သူ့ရဲ့အင်စတာဂရမ်ဟာ အခုဆိုရင် follow လုပ်သူပေါင်း (၁၅၂၀၀၀) ရှိပြီဖြစ်ပါတယ်။

 

ဗီဒီယိုတွေထဲမှာလည်း Elvin ဟာ ရထားပေါ်မှာ အမျိုးသမီးအတော်များများနဲ့အတူထိုင်ခဲ့ပြီး ရှေ့မှာလည်းစားပွဲ တစ်လုံးခင်းထားကာ စားပွဲပေါ်မှာလည်း အဝတ်ဖြူကိုခင်းထားပြီး စားစရာသောက်စရာတွေကိုချထားတာကို တွေ့ရပါတယ်။

အခုလိုရထားပေါ်မှာ အများပြည်သူတွေကိုနောက်ပြောင်ပြီး ပျော်စရာတွေဖန်တီးပေးရတာ ကောင်းတဲ့အိုင်ဒီယာ တစ်ခုဖြစ်တယ်လို့သူယူဆတဲ့အကြောင်းကို Elvin က Femail သတင်းဝက်ဘ်ဆိုဒ်တစ်ခုကိုပြောကြားခဲ့ပါတယ်။

စစချင်းတော့ ခရီးသည်တွေက ဘာလုပ်တာလဲဆိုပြီး အံ့သြသွားကာ စိတ်ရှုပ်သွားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒါဟာဖျော်ဖြေပြီးနောက်ပြောင်မှုတစ်ခုဆိုတာကို သိသွားခဲ့ကြပါတယ်။ တစ်ချို့ခရီးသည်တွေဆိုရင် ကျွန်တော့်ရဲ့လုပ်ရပ်တွေကို ဖုန်းနဲ့မှတ်တမ်းတင်ထားတာတွေတောင်ရှိတယ်လို့ Elvin က ပြောပါတယ်။

နောက်ပြောင်ခဲ့တဲ့ဗီဒီယိုဖိုင်တစ်ခုမှာဆိုရင် Elvin ဟာ သူ့ရဲ့ laptop နဲ့ Celine Dion ရဲ့သီချင်းကိုဖွင့်ကာ ရထားပေါ်ပါအမျိုးသမီးတစ်ဦးရှေ့မှာ ပေါက်ပေါက်ဗူးကြီးတစ်ဗူးထဲက ပေါက်ပေါက်တွေကိုစားရင်း ငိုချင်ယောင်ဆောင်ပြခဲ့ပါတယ်။ အဲ့ဒီအမျိုးသမီးကတော့ သူ့ကိုကြည့်ပြီး ရီလည်းရီချင် စိတ်လည်းညစ် သွားတဲ့အခြေအနေတစ်ခုဖြစ်သွားခဲ့ပါတယ်။ နောက်ပိုင်းမှ ဒါဟာ အသေးစိတ်ပြင်ဆင်ထားတဲ့ နောက်ပြောင်မှုတစ်ခုဆိုတာသိပြီး ရှက်ပြုံးလေးတစ်ခုပြုံးသွားခဲ့တာကိုတွေ့ရပါတယ်။

 

နောက်ထပ်နောက်ပြောင်မှုတစ်ခုကတော့ Elvin ဟာရထားပေါ်ပါအမျိုးသမီးတစ်ဦးရဲ့ဘေးမှာ သွားထိုင်ပြီး စားပွဲတစ်လုံးကိုခင်းပြီး စားပွဲရဲ့အလယ်မှာ နှင်းဆီပန်းတစ်ပွင့်ကိုထားပြီး ဖယောင်းတိုင်တွေလည်းထွန်း ထားတဲ့အပြင် အုပ်ဆောင်းအုပ်ထားတဲ့ပန်းကန်တစ်ချပ်ကိုလည်းတင်ပြီး အံ့အားသင့်သွားအောင်လုပ်ခဲ့ပါတယ်။

ပြီးတဲ့နောက် စားပွဲပေါ်ကိုခွက်တွေချလိုက်ပြီး လက်အိတ်စွပ်ကာ ခွက်ထဲကို ဘယ်ရီသီးတွေထည့်ပြီးမှ သူ့မှာပါလာတဲ့အိတ်ထဲကဝိုင်တွေကိုထည့်ပြီး ခရီးသည်အမျိူးသမီးကိုတိုက်ခဲ့ပါတယ်။ခရီးသည်အမျိူးသမီးဟာလည်း ပထမတော့ အံ့အားသင့်ရှက်ရွံ့နေခဲ့ပြီး Elvin ကို မျက်နှာလွှဲခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒါဟာနောက်ပြောင်တဲ့ရီစရာဟာသလုပ်ရပ်တစ်ခုဖြစ်သွားတယ်ဆိုတာကိုသိသွားခဲ့ပါတယ်။

ဒီလို ရထားပေါ်မှာ နောက်ပြောင်တဲ့ဟာသဗီဒီယိုတွေရိုက်ကူးတာဟာ Elvin က ပထမဆုံးမဟုတ်ပါဘူး။သူ့လို ဟာသဗီဒီယိုတွေရိုက်ဖို့နောက်ပြောင်တတ်တဲ့သူတွေလည်းရှိပါတယ်။

Thae