K-drama တွေကို တစ်ကမ္ဘာလုံးကကြည့်ရှုလာနေပါပြီ။ အခုတစ်လော K-drama ချစ်သူတွေကြား ခေတ်စားနေတဲ့စီးရီးတစ်ခုကတော့ Penthouse ပဲဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ Penthouse ဘုရင်မအဖြစ် Shim Su-ryeon, နာမည်ကြီးပြီး ရက်စက်တဲ့ အော်ပရာအဆိုတော်အဖြစ် Seo Jin နဲ့ Seo Jin ရဲ့ ပြိုင်ဘက် Oh Yoon-hee တို့ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ အခုအခါမှာတော့ Penthouse နဲ့ပတ်သက်ပြီး သင်မသိသေးတဲ့အချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။

အပိုင်းတစ်ပိုင်းစီဟာ မိနစ်၃၀ကြာပါတယ်

ကိုရီးယားဒရာမာဇာတ်ကားအများစုက တစ်ပိုင်းကို အနည်းဆုံးတစ်နာရီလောက်ကြာပါတယ်။ Penthouse ကတော့ မိနစ်၃၀ပဲကြာတဲ့အတွက် စီးရီးတစ်ခုလုံးကို မြန်မြန်ဆန်ဆန်နဲ့ကြည့်နိုင်ပါတယ်။

တကယ်စိတ်လှုပ်ရှားစရာကောင်းတယ်

K-drama တွေကို လူတွေကြိုက်နှစ်သက်ရတဲ့အကြောင်းရင်းက ဇာတ်လမ်းအပိုင်းတစ်ပိုင်းချင်းစီဟာ ခံစားမှုအသစ်တွေပေးလို့ဖြစ်ပါတယ်။ ရိုလာကိုစတာလိုခံစားမှုမျိုးကို Penthouse ကြည့်တဲ့အခါ ရပါလိမ့်မယ်။ ဇာတ်လမ်းထဲမှာပါတဲ့ ဇာတ်ကောင်တွေက အမြဲတမ်း တစ်ခုမဟုတ်တစ်ခုကြံစည်ပြီး တစ်ဘက်ကို အကွက်ဆင်တိုက်ခိုက်ဖို့ ရည်ရွယ်နေကြတာဖြစ်ပါတယ်။

ဗီလိန်အဖြစ် သရုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ Kim So-yeon

Penthouse ထဲ ဗီလိန်အဖြစ် သရုပ်ဆောင်ဖို့က မလွယ်ပါဘူး။ ဒါပေမဲ့ ဇာတ်ကောင် Seo Jin အဖြစ် သရုပ်ဆောင်ထားတဲ့ Kim So-yeon နဲ့ အင်တာဗျူးမှာတော့ ဒီဇာတ်ကောင်ကိုစိတ်ဝင်စားရတဲ့အကြောင်းရင်း ရှင်းပြခဲ့ပါတယ်။ “ကျွန်မက Game of Thrones ပရိသတ်ဖြစ်ပြီး အဲ့စီးရီးထဲက အမျိုးသမီး ဗီလိန်တွေကို အရမ်းသဘောကျခဲ့ပါတယ်။ ဒီလိုဇာတ်ကောင်မျိုးကို သရုပ်ဆောင်ချင်တာပါ။ Penthouse ဇာတ်ညွှန်းရတော့ ကျွန်မဖတ်ပြီး ပထမဆုံးအပိုင်းမှာတင် ကြိုက်သွားတယ်။ ဇာတ်ကောင်က ဗီလိန်ဖြစ်နေတာတောင်မှ ကျွန်မသရုပ်ဆောင်ဖို့ဆုံးဖြတ်ခဲ့တာက ဒီဇာတ်ကောင်စရိုက်က အရမ်းစိတ်ဝင်စားစရာ ကောင်းလို့ပါ။”

ပီယာနိုအတီးသင်ခဲ့ရတဲ့ Kim So-yeon

Penthouse ကိုကြည့်ဖူးတဲ့သူတွေဆိုရင်တော့ Kim So-yeon ကိုယ်တိုင် ပီယာနိုတီးနေတဲ့ ဇာတ်ဝင်ခန်းကို မှတ်မိကြမှာပါ။ သိရတာက ဒီဇာတ်ဝင်ခန်းအတွက် သူမဟာ ပီယာနိုသင်ခဲ့ရပါတယ်။ “ကျွန်မ ပီယာနိုမတီးတတ်ပါဘူး။ ဒါပေမဲ့ ကျွန်မ အသေအချာတီးခတ်ပြရမယ့် ဇာတ်ဝင်ခန်းတစ်ခန်းပါတယ်။ ကျွန်မလည်း ကောင်းကောင်းသရုပ်ဆောင်ချင်တာပေါ့နော်။ ဒီတော့ သီချင်းတစ်ပုဒ်ရွေးပြီး ဒါရိုက်တာကို သွားပြတော့ ဒါရိုက်တာက ရတယ်တဲ့။ နောက်တော့မှ သိရတာက အဲ့ဒီသီချင်းတီးဖို့ကို တော်တော်လေ့ကျင့်မှရလိမ့်မယ်ဆိုတာပဲ။ ဒါကြောင့် ကျွန်မအားလပ်ချိန်တွေ၊ ရှုတင်ပြီးတဲ့အချိန်တွေမှာ ပီယာနိုအတီးလေ့ကျင့်တယ်။ အဲ့ဒီပီယာနိုးတီးတဲ့ဇာတ်ဝင်ခန်းက ကျွန်မတကယ် သရုပ်ဆောင်ချင်ခဲ့တဲ့ အခန်းပါ။”

Shim Su-ryeon အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Lee Ji-ah

ဇာတ်ကောင် Su-ryeon နဲ့ပတ်သက်ပြီးတော့ Lee Ji-ah က သူမကတော့ သူမသရုပ်ဆောင်ရတဲ့ ဇာတ်ကောင်နဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့အကြောင်း ဆိုပါတယ်။ “ကျွန်မနဲ့ ဇာတ်ကောင်ကြားထဲ ဘာတူတာတွေရှိလဲ ကျွန်မစဉ်းစားတယ်။ ဘာမှလည်းမတူဘူး။ ကျွန်မက သက်တောင့်သက်သာရှိတဲ့အဝတ်အစားတွေဝတ်ရတာကြိုက်တယ်။ ဒါပေမဲ့ ဇာတ်ကောင်က ဒီလိုမဟုတ်ဘူး။ ကွာတာတွေတော့ အများကြီးပဲ။ ကျွန်မဇာတ်ကောင် Su-ryeon က ကြိုတင်အကွက်ချပြီးစီစဉ်တတ်တယ်။ ကျွန်မကျတော့ အဲ့လိုမဟုတ်ဘူးလေ။”

Oh Yoon-hee အဖြစ် သရုပ်ဆောင်ရတဲ့အခက်အခဲကို ပြောခဲ့တဲ့ Eugene

“ဒီလို ဇာတ်ကောင်မျိုးကို အခုမှ ပထမဆုံးအကြိမ်သရုပ်ဆောင်ဖူးတာပါ။ ဒါကြောင့် အားလုံးက အသစ်ဖြစ်နေတယ်။ ပုံမှန်ဆို ကျွန်မက သိပ်လောဘမရှိပါဘူး။ ဒါကြောင့် ဇာတ်ကောင်နဲ့ ကျွန်မနဲ့ ကွာတယ်ထင်မိတယ်။ ဒီလိုပုံစံ ဇာတ်ကောင်စရိုက်ကို ခုမှစသရုပ်ဆောင်တာဆိုတော့ ခက်တယ်ဆိုတာထက်စာရင် ပျော်စရာကောင်းပါတယ်။” လို့ Eugene ကဆိုပါတယ်။

CeleNow