ငယ်စဉ်ကလေးဘဝကတည်းက အနုပညာလောကမှာ ကျရာ ဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်တတ်တဲ့ ယွန်းယွန်းကတော့ အခုဆို အပျိုကြီးဖားဖား ဖြစ်လို့ အသက် (၁၈)နှစ် တောင်ပြည့်သွားပါပြီ။ ယွန်းယွန်းဟာ အနုပညာနဲ့ ပညာရေးကို ဘက်မျှအောင် ကြိုးစားနေသူဖြစ်ပြီး၊ ရုပ်ရှင်လောကရဲ့ အမြင့်ဆုံးဆုတံဆိပ်ဖြစ်တဲ့ အကယ်ဒမီရွှေစင်ဆုကြီးကိုလည်း ငယ်ငယ်ငယ်ရွယ်ရွယ်နဲ့ ရရှိထားသူ ဖြစ်ပါတယ်။

ငယ်ရွယ်ပေမဲ့ လူကြီးတစ်ယောက်လို ရင့်ကျက်တဲ့ အမူအရာ၊ အပြုအမူတွေကြောင့် ပရိသတ်တွေရဲ့ အချစ်ကို တစ်ဆထက်တစ်ဆ ပိုပိုတိုးပြီး ရရှိနေတဲ့ ကလေးမလေးလည်း ဖြစ်ပါတယ်။ မိဘကို သိတတ်တဲ့ သမီးလိမ္မာလေးတစ်ယောက်လဲ ဖြစ်ပြီး အနုပညာပိုင်းမှာသာမက ပညာရေးပိုင်းမှာလည်း ထူးချွန်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။

“တစ်ခါလောက်ပဲဖြစ်ဖြစ် ချစ်ခင်ပြီး အားပေးခဲ့ကြတဲ့သူတွေ၊ ယုံကြည်ပေးခဲ့ကြတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကိုယ့်ကိုချစ်တဲ့သူတွေအပေါ်မှာ အမှားလုပ်ခဲ့ဖူးတာရှိရင်လဲ တစ်ခါတည်း တောင်းပန်ချင်ပါတယ် … အချိန်ဘယ်လောက်ကျန်သေးလဲ မသိပေမယ့် ကျန်နေသေးတဲ့အချိန်တွေမှာ ကိုယ့်ကို တန်ဖိုးထားတဲ့သူ၊ ကိုယ်က တန်ဖိုးထားတဲ့သူတွေနဲ့ ဘဝကိုအဓိပ္ပါယ်ရှိရှိလေး နေသွားခွင့်ရချင်တယ်…”လို့ သူမရဲ့ ဖေစ်ဘုတ်မှာ ရေးထားပါသေးတယ်။

မင်းသမီးလေး ယွန်းယွန်းလည်း ယနေ့မှာ ကျရောက်တဲ့ သူမရဲက အသက်(၁၈)နှစ်ပြည့် မွေးနေ့မှအစပြုလို့ အနုပညာလောကမှာ ဒီထက်မက ပိုပြီးအောင်မြင်ကျော်ကြားတဲ့ မင်းသမီးကြီးတစ်ယောက်ဖြစ်ဖို့ ပရိသတ်ကြီးနဲ့တစ်ကွ ဆုတောင်းပေးလိုက်ပါတယ်။

Source: Yoon Yoon