Kpop Music ဆိုတာဟာ အာရှမှာတင်မက ကမ္ဘာတစ်ဝှမ်းမှာ ပျံ့နှံပြီ အောင်မြင်ကျော်ကြားနေပြီဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံတိုင်းလိုလိုမှာလည်း Kpop Idolတွေကို အားပေးတဲ့ ပရိသတ်တွေက အပြည့်ပါပဲ။ တချို့ကတော့ Kpop Idol ဖြစ်ရတာဟာ အရမ်းကို လွယ်ကူပြီး ရုပ်ချောရုံနဲ့ ဖြစ်တာ၊ မတောက်တခေါက်သီချင်းဆိုတတ်ရုံလောက်နဲ့ဖြစ်လာတာ ၊ ကောင်လေးတွေအုပ်စုလိုက် ကနေကြတာစသဖြင့် ပြောလေ့ရှိကြပါတယ်။ ဒီလိုမြင်နေတယ်ဆိုရင်သိပ်ကို မှားသွားပါပြီ။ ဒီလိုသာဆို Kpop Idolဆိုတာ လူတိုင်းဖြစ်နိုင်တဲ့ အရာလား….။

Kpop Idol ဆိုတဲ့ အဆင့်ကို မရောက်ခင် အနုပညာအေဂျင်စီ တစ်ခုမှာ  Kpop Trainee (သင်တန်းသား) ဖြစ်ဖို့အတွက် အရင်ကြိုးစားရပါတယ်။ အဲလို သင်တန်းသားတစ်ယောက်ဖြစ်ဖို့အတွက် အသံစစ်တဲ့ (Audition) တွေကို ၀င်ပြိုင်ရပါတယ်။ ဒီလိုပြိုင်ရတာလည်း သိပ်လွယ်တယ်တော့ မထင်ပါနဲ့။ တစ်နှစ်မှာ Audition ဖြေဆိုသူပေါင်း ထောင်သောင်းနဲ့ ချီပါတယ်။ Auditionအောင်ပြီး သင်တန်းသား ဖြစ်ပြီးနောက်မှာတော့ အဲဒီ အနုပညာအေဂျင်စီနဲ့ စာချုပ်ချုပ်ရပါတယ်။ အဲဒီနောက်တော့ အဆို၊အက၊ သရုပ်ဆောင်၊ ဘာသာစကား သင်ခန်းစာတွေကို နေ့စဉ်သင်ယူရပါတယ်။ Kpop Idolဖြစ်ဖို့ဆိုတာ သီချင်းဆိုတတ်ရုံနဲ့လည်း မရသလို အကကတတ်ရုံနဲ့လည်း မရပါဘူး။ သူတို့မှာ ကိုယ်ပိုင်စွမ်းရည်တစ်ခုခုလည်း ပိုင်ဆိုင်ထားရပါသေးတယ်။ အဒါမှသာ မြောက်များစွာသော အဆိုတော်တွေကြားထဲမှာ ထင်ပေါ်နိုင်မှာပါ။ Kpop မှာ အဆိုကောင်း၊အကကောင်းက တစ်ယောက်နှစ်ယောက်မှ မဟုတ်တာ။

သူတို့ရဲ့ လေ့ကျင့်ချိန်တွေကတော့ အေဂျင်စီတွေအပေါ်မူတည်ပြီး အချိန်တွေကွာပါတယ်။ အချို့အေဂျင်စီတွေမှာတော့ မနက် ၅နာရီမှာ ထရပြီး မနက်၁နာရီအထိ လေ့ကျင်ချိန်တွေ၊သင်ခန်းစာတွေရှိပါတယ်။ အချို့အေဂျင်စီတွေကတော့ ကျောင်းတက်နေဆဲ သင်တန်းသားတွေအတွက် လေ့ကျင့်ချိန်ကို ညနေ ၆နာရီကနေ ၁၀ နာရီ အထိ ပြုလုပ်ပေးထားပါတယ်။

JYP လို နာမည်ကြီး အနုပညာအေဂျင်စီမှာတော့ တစ်နေ့ကို သင်ခန်းစာချိန် ၅ချိန်ရှိပြီး တစ်ချိန်ကို ၃နာရီကြာပါတယ်။အကသင်တဲ့ အချိန်မှာတော့ ၅နာရီလောက်ကြာလေ့ရှိပါတယ်။ဒါ့အပြင် တစ်လတစ်ခါဖြေရတဲ့ လပတ်စစ်စာမေးပွဲပုံစံ အရည်အချင်းစစ်စာမေးပွဲရှိတဲ့ အခါ သင်တန်းသားတွေဟာ သင်ခန်းစာအချိန်တွေအပြင် ကိုယ်ဘာသာလည်း လေ့ကျင့်ကြရပါတယ်။ အဲဒီစာမေးပွဲမှာ တိုးတက်မှုရှိမလာတဲ့ သင်တန်းသားတွေကတော့ အေဂျင်စီကနေမောင်းထုတ်ခံရပါတယ်။

သင်တန်းသားတွေဟာ သူတို့ရဲ့ ကိုယ်အလေးချိန်ကိုလည်း ထိန်းထားရပါတယ်။ အေဂျင်စီက သင်တန်းသားတွေရဲ့ ကိုယ်အလေးချိန်ကို နေ့တိုင်းစစ်ပါတယ်။ အဒါကြောင့် Kpop Trainee တစ်ယောက်ဖြစ်လာပြီဆို ကိုယ်စားချင်တာလည်း စားရမှာမဟုတ်ပါဘူး။ trainee ဘ၀ကနေ idol ဖြစ်ဖို့ကြာချိန်ဆိုရင်တော့ အများဆုံးက ၁၀ နှစ်လောက်ကြာတတ်ပါတယ်။ Twice အဖွဲ့ဝင် Jihyoဟာ ယနေ့လို အောင်မြင်တဲ့ Idol တစ်ယောက်ဖြစ်လာဖို့ ၁၀နှစ်ကြာ သင်တန်းသားဘ၀နဲ့ နေခဲ့ရပါတယ်။ Girl’s Generation အဖွဲ့ဝင်တွေကတော့ သင်တန်းသားဘ၀ ၅နှစ်ကြာကို ဖြတ်သန်းခဲ့ရပါတယ်။ EXO အဖွဲ့မှာ ဆိုရင်တော့ သင်တန်းသားကာလ အကြာဆုံးက Suho ဖြစ်ပြီး ၆နှစ်ကြာမြင့်ခဲ့ပါတယ်။ သင်တန်းသားကာလ အတိုဆုံးကတော့ Chen နဲ့ Baekhyun ဖြစ်ပြီး ၁၁လ ကြာမြင့်ခဲ့ပါတယ်။ ဒီလိုရှည်လျားတဲ့ Trainee ကာလကြီးမှာ များလွန်းတဲ့ လေ့ကျင့်ချိန်တွေကြောင့် မိသားစုတွေ၊သူငယ်ချင်းတွေနဲ့ တွေ့ဖို့အချိန်တောင် မရှိကြပါဘူး။ နားချိန်တောင်မရှိပဲ ဘယ်နေ့မှန်း မသေချာတဲ့ Idol ဖြစ်လာမယ့် တစ်နေ့ကို တွေးပြီး ကြိုးစားကြရတာဖြစ်ပါတယ်။ တချို့ trainee တွေဆို ပင်ပန်းလွန်းလို့ ဆေးရုံရောက်ရတဲ့ အခြေအနေတွေတောင်ရှိပါတယ်။

Idol ဖြစ်လာပြီး သူတို့ကို စင်တင်ပွဲထုတ်တဲ့ အချိန်မှာတော့ သူတို့ရဲ့ အိမ်မက်တွေ တပိုင်းတစတော့ ပြည့်ဝလာပါပြီ။ ဒါပေမဲ့ များပြားလှတဲ့ Kpop အဆိုတော်တွေကြားထဲမှာ ပရိသတ်တွေရဲ့ အားပေးမှုရအောင်ကြိုးစားကြရပါတယ်။ တစ်နှစ်တစ်နှစ်ကို Kpop Idol အဖွဲအသစ်တွေများစွာထွက်လေ့ရှိပြီး အောင်မြင်တဲ့အဖွဲ့ကတော့ တော်တော်ရှားပါတယ်။ စင်တင်မယ့် Idol အဖွဲ့ထဲမှာပါဖို့ ရွေးချယ်ခြင်း မခံရဘူး ဒါမှမဟုတ် Idol အဖွဲ့အဖြစ် စင်တင်ပွဲထုတ်ခံရပြီးတာတောင် မအောင်မြင်ဘူးဆိုရင်တော့ Produce 101, Mix Nine , The Unit စတဲ့ သီချင်းဆို ပြိုင်ပွဲတွေမှာ သွားရောက်ယှဉ်ပြိုင်ကြရပြီး ပရိသတ်အားပေးမှုရရှိဖို့အတွက် ပြိုင်ပွဲဝင် ၁၀၀ ကျော်ကြားထဲမှာ ကြိုးကြိုးစားစားနဲ့ ပရိသတ်အားပေးတဲ့ Idol တစ်ယောက်ဖြစ်ဖို့ ကြိုးစားကြရပါတယ်။ တချို့ကတော့ သူတို့ရဲ့ အချိန်အတော်ကြာ ကြိုးစားလာခဲ့ရတဲ့ အိပ်မက်တွေကို လက်လျှော့အရှုံးပေးလိုက်ကြပါတယ်။ တချို့ကျတော့လည်း အောင်မြင်မှုတွေရရှိပြီး အိပ်ချိန်၊စားချိန်တောင် မရှိအောင် ဖျော်ျြေဖပွဲတွေကို လုပ်နေရပါတယ်။ တချို့ကျတော့ အောင်မြင်လာမယ့် တစ်နေ့အတွက် ရှိသမျှအားအင်တွေ၊စွမ်းအင်တွေနဲ့ အလျှော့မပေးပဲ ကြိုးစားနေဆဲပါပဲ။

Source: FI Swagazine, Koreaboo