မြန်မာနိုင်ငံရဲ့ နာမည်ကျော်မော်ဒယ်တစ်ဦးဖြစ်တဲ့ သန္တာလှိုင်ကတော့ နိုင်ငံရပ်ခြားမှာ ကျောင်းတက်နေတဲ့ သူမရဲ့ ချစ်သမီးလေးကို တွေ့ချင်လွန်းလို့ သရုပ်ဆောင်ပြီးတောင် ဓါတ်ပုံတွေ ရိုက်ခဲ့တဲ့ အကြောင်းကို သူမရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ ပရိသတ်တွေကို ပြန်လည်မျှဝေထားပါတယ်။ သန္တာလှိုင်ရဲ့ သမီးလေးကတော့ ဆစ်ဒနီမှာ ကျောင်းတက်နေတာဖြစ်ပါတယ်။

သန္တာလှိုင်ရဲ့ သမီးလေးကတော့ သူကျောင်းတက်နေတဲ့ နိုင်ငံမှာ ရာသီဥတုက အေးနေပြီဆိုတဲ့ အကြောင်းကို ဓါတ်ပုံလေးတွေ လှမ်းပို့ပေးခဲ့ပါတယ်။ သမီးလေးကို လွမ်းနေတဲ့ သန္တာလှိုင်ကတော့ ကမ်းခြေသွားရတာ ကြိုက်တဲ့ သမီးကို အိမ်ပြန်လာအောင် ဆွယ်ဖို့အတွက် သဲသောင်ပြင်ပေါ်မှာ ရပ်ထားတဲ့ ဘုတ်တစ်စီးပေါ်တက်ပြီး အိုက်တင်အပြည့်နဲ့ လှေစီးနေတဲ့ ပုံသရုပ်ဆောင်ကာ ရိုက်ထားတဲ့ ဓါတ်ပုံတွေကို သူမရဲ့ သမီးလေးဆီပြန်ပို့ပေးခဲ့ပါတယ်။

“ပုံတွေပို့လိုက်တော့ အော်ဟစ်ပြီး ဟိုမှာအေးပြီး အနွေးထည် ဝတ်နေရတဲ့ အချိန်မှာ ဒီမှာ လှေတွေဘာတွေတောင် စီးပြီး ပင်လယ်ထဲမှာ ထွက်နေကြတယ်ဆိုပြီး ဒီပြန်လာချင်တယ် ဖြစ်သွားရော…. ဒါနဲ့ July လစပိုင်း ကျောင်းပိတ်တာနဲ့ ပြန်လာဖို့ သေချာလား? date တစ်ခါထဲတောင်းပြီး လေယာဉ် လက်မှတ်ကို သူစိတ်မပြောင်းခင် ချက်ချင်း ဝယ်ပြစ်လိုက်တာပေါ့ ဘာရမလဲ? သူ့ထက်လည်လို့ သူ့အမေလုပ်နေတာ ဗြဲငှဲငှဲ” လို့ရေးပြီး သူမရဲ့ သမီးလေးကို အိမ်ပြန်လာဖို့ ဆွယ်ခဲ့ရတဲ့ အကြောင်းကို ပြောပြခဲ့တာဖြစ်ပါတယ်။

Source: Thandar Hlaing