“ည” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို တခဲနက်ရရှိခဲ့တဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးကတော့  သူ့ရဲ့ ဒုတိယမြောက်ဇာတ်ကားအသစ်ဖြစ်တဲ့ “သူစိမ်းအိမ်”ရုပ်ရှင်ဇာတ်ကားကြီးကို ပရိသတ်တွေလက်ထဲကို အရောက်ပို့ပေးနိုင်ဖို့အတွက် ကြိုးစားနေတာဖြစ်ပါတယ်။ “သူစိမ်းအိမ်” ရုပ်ရှင်ကားမှာတော့ လင်းဇာနည်ဇော်၊ ထွန်းအိန္ဒြာဗိုလ်၊ ဖွေးဖွေး၊ ရှိန်းတင်ထူး၊ ကျော်ရဲမြင့်ငြိမ်း၊ ကူကူးဇင်အောင်၊ မြတ်နိုးအေး နဲ့ မင်းသားကြီး လွင်မိုးတို့က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

(၈) လကျော်ကြာ အချိန်ပေးပြီး ရိုက်ကူးခဲ့တဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ကားကြီးကတော့ ဇူလိုင်လ(၄)ရက်နေ့မှာ ရိုက်ကူးမှု ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါရိုက်တာ ထူးပိုင်ဇော်ဦးကတော့ ရိုက်ကူးရေးအဖွဲ့သားတွေ၊ ပါဝင်ကြတဲ့ သရုပ်ဆောင်တွေ အတူတူ ကြိုးစားရိုက်ကူးခဲ့ကြတဲ့ ပုံရိပ်လေးတွေကို သူ့ရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ တင်ပေးထားပြီး ကျေးဇူးတင်ထိုက်သူတွေကို ကျေးဇူးတင်ကြောင်း ပြောထားတာဖြစ်ပါတယ်။ “သူစိမ်းအိမ် ” ရုပ်ရှင်ကားရဲ့ အလန်းစား စတန့်တွေအတွက်လည်း မင်းသား နေထူးနိုင်က စီစဉ်ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။

“ည” ဇာတ်ကားနဲ့ ပရိသတ်တွေရင်ထဲက ပေးတဲ့ အကယ်ဒမီကို ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်တဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးကတော့ “သူစိမ်းအိမ်” ဇာတ်ကားကြီးကိုလည်း ဘယ်လို ဇာတ်အိမ်တွေနဲ့ ရိုက်ကူးထားပြီး ပရိသတ်တွေကို ဆွဲဆောင်ဦးမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ နာမည်ကျော် သရုပ်ဆောင်တွေ၊ သရုပ်ဆောင်အသစ်တွေလည်း အတူတွဲပြီး သရုပ်ဆောင်ထားကြလို့ ပရိသတ်တွေကတော့ “သူစိမ်းအိမ်” ဇာတ်ကားကို ကြည့်ရှုနိုင်ဖို့အတွက် စောင့်မျှော်နေကြပါပြီ။

Source: Htoo Paing Zaw Oo