SHINee အဖွဲ့ဝင် Key ဟာ သွားလေပြီဖြစ်တဲ့ သူ့ရဲ့ အစ်ကိုကြီးကို နှုတ်ဆက်တဲ့စာကို လက်ရေးနဲ့ ရေးခဲ့ပြီး သူ့ရဲ့ အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။ ဒီစာထဲမှာတော့ Jonghyun ရဲ့ ဘေးနားမှာ ရှိမပေးနိုင်ခဲ့အတွက် တောင်းပန်ထားပြီး Jonghyun ရဲ့ ကျန်ရစ်သူမိသားစုတွေကို ကောင်းကောင်းစောင့်ရှောက်ပါမယ်လို့ ကတိပေးထားတာဖြစ်ပါတယ်။ ဒီစာရဲ့ဘေးမှာတော့ လက်စွပ်လေးတစ်ကွင်းလဲပါပါတယ်။ အဲဒါကတော့ Key ရဲ့ မွေးနေ့မှာ Jonghyun က လက်ဆောင်ပေးထားတာဖြစ်ပါတယ်။

Key ရဲ့ နှုတ်ဆက်စာ

“ကျွန်တော် Kibum ပါ အစ်ကို၊ မနေ့က အစ်ကို့ရဲ့ မျက်နာကို မြင်ပြီး ဒီနေ့တော့ အစ်ကို့ထွက်သွားတာကို လိုက်ပို့ခဲ့ရတယ်ဆိုတာ အခုထိ မယုံနိုင်သေးဘူး။ ကျွန်တော့ တခြားအရာတွေနဲ့ အလုပ်ရှုပ်နေခဲ့လို့ အစ်ကို့ရဲ့ ဘေးကို နောက်ကျမှရောက်လာတဲ့ အတွက် တောင်းပန်ပါတယ်။ အစ်ကို အထီးကျန်နေတဲ့ အချိန်မှာ ညီတစ်ယောက်ဖြစ်ပြီး အနားမှာ ရှိမနေခဲ့လို့ တောင်းပန်ပါတယ်။ အစ်ကိုနဲ့ ကျွန်တော်က အဖွဲ့ထဲမှာ ကိုယ်လုပ်ချင်တာလုပ်ကြတဲ့ ခေါင်းမာတဲ့သူတွေလေ။ ဒီလိုအဆုံးသတ်အထိတောင် ဘယ်အချိန်မှာ ထွက်သွားမယ် ဆိုတာကို ကိုယ့်ဘာသာဆုံးဖြတ်ခဲ့ပြီး အရင်ထွက်သွားခဲ့ပြီပေါ့။

အစကတော့ အရမ်းကို ခံစားခဲ့ရတယ်။ ဒါပေမဲ့ အစ်ကိုနဲ့အတူ (၃)ရက်တာအချိန်ကို ကုန်ဆုံးခဲ့ပြီးမှာတော့ အစ်ကို့ရဲ့ စိတ်ကို ကျွန်တော် နားလည်စပြုလာပါပြီ။ ကျွန်တော်တို့ကို ထားခဲ့ရတဲ့အတွက် စိတ်မပူပါနဲ့။ အစ်ကို့ရဲ့ မိသားစုကိုလည်း ကျွန်တော့်ရဲ့ မိသားစုလို စောင့်ရှောက်ပါ့မယ်။

အစ်ကို့ကိုတော့ အရမ်းလွမ်းနေမှာပါ။ အစည်းအဝေးလုပ်တိုင်း ကျွန်တော့်ဘက်အမြဲလိုက်ပေးတဲ့သူမရှိတော့လို့ စိုးရိမ်မိတယ်။ အစည်းအဝေးလုပ်တိုင်း အစ်ကိုနဲ့ ကျွန်တော်ပဲ နှစ်ယောက်ထဲ အမြဲစကားတွေ ပြောနေခဲ့တာလေ..။အစ်ကို မရှိတော့တဲ့ အချိန်တွေကို ဖြတ်သန်းနိုင်ဖို့အတွက်လည်း ကြိုးစားပါ့မယ်။ အခုထက်လည်း ပိုပြီးတော့ ကောင်းကောင်းနေနိုင်အောင် ကြိုးစားပါ့မယ်။

ကျွန်တော် အသက်တွေကြီးလာတဲ့အခါ ကျွန်တော်တို့ ပြန်တွေဖြစ်ခဲ့ကြရင် ကျွန်တော့ကိုလည်း ကောင်းကောင်းကြိုးစားခဲ့တာပဲလို့ ပြန်ပြောပေးပါ။ အနုပညာရှင်တစ်ယောက်၊ အစ်ကိုတစ်ယောက်၊ သူငယ်ချင်းတစ်ယောက်၊ လုပ်ဖော်ကိုင်ဖက်တစ်ယောက်အနေနဲ့ အစ်ကို Jonghyun ဟာ အကောင်းဆုံး လုပ်ဆောင်ပေးခဲ့ပါတယ်” နောက်ဆုံးမှာ Key ဟာ သူ့ရဲ့ အစ်ကို Jonghyun ကို အရမ်းချစ်ပါတယ်လို့ ရေးပြီး စာကို အဆုံးသတ်ထားတာဖြစ်ပါတယ်။

SHINee အဖွဲ့ဝင်တွေဟာ Jonghyun ရဲ့ဈာပနအခမ်းအနားမှာ တောက်လျှောက်လည်း ပါဝင်ခဲ့ကြပြီး Jonghyun ရဲ့နောက်ဆုံးခရီးကိုလည်း လိုက်ပို့ပေးခဲ့ကြပါတယ်။

Source: Koreaboo