ဟောလိဝုဒ်ရဲ့ နာမည်ကျော် ချစ်သူစုံတွဲတစ်တွဲဖြစ်တဲ့ အဆိုတော် Sam Smith နဲ့ သရုပ်ဆောင်မင်းသား Brandon Flynn တို့ကတော့ ၉လကြာ ချစ်သူတွေ ဖြစ်ပြီးနောက်မှာ လမ်းခွဲလိုက်ကြပြီ ဖြစ်ပါတယ်။ လမ်းခွဲတာကတော့ နှစ်ဦးသဘောတူ လမ်းခွဲပြတ်စဲလိုက်တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

“Sam နဲ့ Brandon တို့ရဲ့ အချစ်ရေးကတော့ အရမ်းကို အချိန်တိုတောင်းလွန်းတဲ့ အချစ်ရေးဖြစ်ခဲ့ပါတယ်။ သူတိုနှစ်ယောက်က တစ်ဦးနဲ့ တစ်ဦး အရမ်းသဘောကျခဲ့ပေမဲ့ နှစ်ယောက်စလုံးဟာ သူတို့ရဲ့ အနုပညာအလုပ်တွေ ကိုယ်စီနဲ့ အရမ်းကို အလုပ်များပြီး နှစ်ဦးကြားမှာ အဆင်မပြေမှုတွေ ရှိခဲ့တယ်” လို့ စုံတွဲနဲ့ နီးစပ်သူတစ်ဦးကနေ ပြောပြခဲ့ပါတယ်။ Sam ကတော့ ဆိုရှယ်မီဒီယာပေါ်မှာ တင်ထားတဲ့ သူနဲ့ သူရဲ့ လက်တွဲဖော် Brandon ရဲ့ ဓါတ်ပုံတွေကို ဖျက်ပစ်ခဲ့တာဖြစ်ပြီး ပရိသတ်တွေကတော့ သူတို့နှစ်ဦးလမ်းခွဲလိုက်ပြီဆိုတာကိုလည်း သိခဲ့ကြရပါတယ်။

ဒီသတင်းကတော့ Sam ကို Massachusetts ကလပ်မှာ သူငယ်ချင်းတွေနဲ့အတူ တွေ့ခဲ့ရပြီးနောက် ထွက်လာခဲ့တာဖြစ်ပါတယ်။ Sam အတွက်တော့ သူရဲ့ လက်တွဲဖော်ဟောင်း Brandon နဲ့ ချစ်သူတွေဖြစ်ခဲ့တာဟာ ပထမဆုံးအကြိမ် လူသိရှင်ကြား ရည်းစားထားခဲ့ခြင်းလည်း ဖြစ်ပါတယ်။

Sam နဲ့ Brandon တို့နှစ်ဦးနှစ်ဖက်လုံးကတော့ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး ဘာမှ တုံ့ပြန်ခြင်း မရှိသေးပေမဲ့ နှစ်ယောက်စလုံးကတော့ ဇွန်လ ၁၉ ရက်နေ့ကတည်းက အင်စတာဂရမ်ပေါ်မှာ အချင်းချင်း like လဲမပေးတော့သလို ကွန်းမန့်လည်း မရေးတော့တာကို တွေ့ရတယ်လို့ Hollywoodlife မှာဖေါ်ပြထားပါတယ်။ Sam နဲ့ Brandon တို့လမ်းခွဲလိုက်ပြီဆိုတဲ့ သတင်းကိုတော့ The Sun ကနေ ဖေါ်ပြခဲ့တာဖြစ်ပါတယ်။

Source: Hollywoodlife, The Sun