လူငယ်ဒါရိုက်တာ ခရစ္စတီးခီရဲ့ ဒုတိယမြောက်လက်ရာဖြစ်တဲ့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ထားတဲ့ သရုပ်ဆောင် မင်းသားချော ဇဏ်ခီကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားပါတယ်။ ဒီဇာတ်ကားကြီးမှာတော့ သရုပ်ဆောင်တွေအဖြစ် ဇဏ်ခီ၊ သက်မွန်မြင့်၊ အောင်မြင့်မြတ် နဲ့ Kaew Korravee တို့ ဖြစ်ပါတယ်။

မင်းသားဇဏ်ခီက ဒီဇာတ်ကားမှာ စီးပွားရေးလုပ်ငန်းရှင်၊ အိမ်ထောင်သည်အမျိုးသား “မင်းထက်”အဖြစ် ပီပြင်တဲ့ဟန်ပန်တွေနဲ့ ကျရာဇာတ်ရုပ်ကို ကြိုးစားပမ်းစား သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားရဲ့ဇာတ်အိမ်က ဇဏ်ခီရဲ့ စိတ်ကူးယဉ်ဖန်တီးမှုတွေဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီလို ဖန်တီးဖြစ်ခဲ့ပုံနဲ့ပတ်သတ်ပြီး ဇဏ်ခီက ” ကျွန်တော်တို့နိုင်ငံက Middle class မရှိဘူး။ အရမ်းချမ်းသာတဲ့သူနဲ့ ဆင်းရဲတဲ့သူတွေ များတယ်။ အဲဒီလူတန်းစား နှစ်ခုကြားက အဖြစ်အပျက်တွေက စိတ်ဝင်စားဖို့ကောင်းတယ်။ ဆင်းရဲတဲ့သူကလည်း ချမ်းသာတဲ့သူကိုကြည့်ပြီး ငါတို့ ဒီလိုတစ်သက်လုံးမှ ဖြစ်ပမလားဆိုတဲ့ အတွေးမျိုးပေါ့။အဲ့လို အတွေးကနေ ဒီဇာတ်လမ်းကို ဖန်တီးဖြစ်တာပါ” ဆိုပြီး အင်တာဗျူးတစ်ခုမှာ ဖြေထားတာတွေ့ရပါတယ်။

ဆက်လက်ပြီး “ကျနော် အရမ်းကြိုးစားနေပါတယ် ၊ ပရိတ်သတ်ကို အနှစ်သာရအပြည့် ပေးနိုင်တဲ့ကားမျိုးကို ရွေးပြီး လုပ်မှာပါ၊ ဒါကြောင့်မို့ ကျနော့်ကို ခဏခဏတော့ တွေ့ရမှာ မဟုတ်ပါဘူး” လို့ပြောထားပါတယ်။ ပရိသတ်တွေဘက်ကတော့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကြီးဟာ ကြည့်ရတာတန်တဲ့ဇာတ်ကားကောင်းတစ်ကားလို့ Feedback ကောင်းတွေ ရရှိထားပါတယ်။

source : Zenn Kyi