မိန်းကလေး ပရိသတ်တွေကြား ရေပန်းစားနေတဲ့ Beauty Blogger တစ်ယောက်ဖြစ်တဲ့ နေခြည်ဦးကတော့ Beauty By NayChi page ရဲ့ ပဲ့ကိုင်ရှင်လည်း ဖြစ်ပါတယ်။ သူမကို ပရိသတ်တွေက  ချီချီလို့ အတိုကောက်ခေါ်ကြပါတယ်။ နေခြည်ဦးဟာ ဖေ့ဘွတ်ကနေတစ်ဆင့် makeup ပြင်ဆင်နည်းတွေနဲ့ Review တွေရေးပြီး အလှအပရေးရာနဲ့ ဖက်ရှင်တွေကို သူမ သိသလောက် ပြန်မျှဝေပေးသူလည်းဖြစ်ပါတယ်။ ဒါပေမယ့် လတ်တလောမှာတော့  ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

နေခြည်ဦးက Made Me Beautiful အစီအစဉ် (Makeup artist ပြိုင်ပွဲ) မှာ အကဲဖြတ်ဒိုင်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ ဒီအစီအစဉ်မှာ နေခြည်ဦးအပြင် မထက်၊ လင်းလင်း၊ ကိုမာနဲ့ စွမ်းတို့ကလည်း ဒိုင်အဖြစ် ပါဝင်အကဲဖြတ်ပေးခဲ့ကြပါတယ်။ ဒိုင်တစ်ဦးဖြစ်သူ နေခြည်က ပြိုင်ပွဲဝင်မိတ်ကပ်ဆရာ ဂျူလိုင်ရဲ့ Drag Queen မိတ်ကပ်ပြင်ဆင်မှုအပိုင်းကို ကြည့်ပြီး အားရပါးရရယ်မောရင်း အားနည်းချက်ကို ထောက်ပြခဲ့ပါတယ်။

အဲဒီနောက်မှာပဲ မိတ်ကပ်ဆရာ ဂျူလိုင်ပြင်ဆင်ပေးရတဲ့ မော်ဒယ်ဖြစ်သူဟာ မျက်ရည်ကျသွားခဲ့တဲ့အတွက် နေခြည်ဦးတစ်ယောက် ဝေဖန်မှုတွေ ဆက်တိုက်ခံခဲ့ရပါတယ်။

နေခြည်ဦးရဲ့ရယ်သံက သူတစ်ပါးကို မျက်ရည်ကျအောင် လှောင်သလိုလို ရယ်မောတာဖြစ်တယ်လို့ ဝေဖန်ခံနေရပါတယ်။ နေခြည်ဦးမှ မဟုတ်ဘဲ တခြားရယ်မောခဲ့တဲ့ ဒိုင်တွေကိုပါ “မရင့်ကျက်သေးရင် ပညာမစုံသေးရင် ဒိုင်ပေးမလုပ်တာအကောင်းဆုံးပါ” ဆိုပြီး ပရိသတ်တချို့က ဝေဖန်လိုက်ကြပါတယ်။

Edited : အပြစ်ပြောမယ် ဆဲမယ်ဆိုလည်း ကိုမာကလွဲလို့ အကုန်လုံးကိုပြောပါနော်။ ရှေ့ကလူတွေကို video မရိုက်ထားလိုက်ရလို့ပါ။ နေခြည်ဦးတစ်ယောက်တည်းကို ဝိုင်းပြောနေကြတော့ နေခြည့် fan တွေက နေခြည့်ကို လူမုန်းအောင်ကွက်တင်တယ်ပဲထင်နေကြလို့ပါ။ ကိုမာတစ်ယောက်တည်း မရယ်ဘဲ လိုအပ်ချက်ထောက်ပြသွားတာပါ။

Posted by Ei Phyu Sin on Friday, January 12, 2018

နေခြည်ဦးအနေနဲ့ သူမ ရယ်မောလိုက်တာက ကဲ့ရယ်ချင်လို့ လှောင်ပြောင်ချင်လို့ ရယ်မောလိုက်မိတာ မဟုတ်ပေမယ့်လည်း လူမှုကွန်ရက်မှာတော့ တချို့ပရိတ်သတ်တွေက နေခြည်ဦးကို ပြင်းပြင်းထန်ထန် ဝေဖန်နေကြတာပဲဖြစ်တယ်။