ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးသွားပြီးနောက်မှာ သူရဲ့ချစ်သူ မေဖူးမောင်ကတော့ နေ့တိုင်းတစ်ရက်မှ မပြတ် ချစ်သူအောင်ရဲထွေးကို သတိရနေကြောင်းတွေ၊ အောင်ရဲထွေးနဲ့ သွားခဲ့တဲ့နေရာတွေနဲ့ အောင်ရဲထွေးအတွက် ဆွမ်းကပ်တာတွေကအစ Instagram မှာ တင်ထားတာကို တွေ့ရပါတယ်။ ပရိသတ်တွေကလည်း သူမရဲ့သတိရကြောင်းစာတွေ၊ ဓာတ်ပုံတွေကြောင့် စိတ်မကောင်း ဖြစ်နေကြပါတယ်။

မေဖူးမောင်တစ်ယောက်ကတော့ သူမရဲ့ လူမှုကွန်ယက်မှာ အခုလို ရင်ဖွင့်ခဲ့ပါတယ်။ “သူက အရမ်းကို အလိုက်သိတဲ့သူပါ မွေးနေ့ မတိုင်ခင်ညကလဲ မ မနက်ကျရင် မနက်စောစော ဘုရားမှာပန်းသွားကပ်ဖို့တဲ့ စံပယ်ပန်းတွေ ရွှေပန်းတွေဝယ်ပီး သူ့ အိမ်ရေခဲသေတ္တာထဲမှာ ထည့်ထားတယ် မနက်ကျရင် (၆)နာရီထပီး ဘုရားသွားရမယ်နော်ဆိုပြီး ညကလဲ စောစောအိပ်ခိုင်း … မနက်ကိုလဲ (၅)နာရီထဲက ဖုံးတွေဆက်နိုးနေတာ သူကနိုးတယ် ကိုယ်မနိုးဘူး (၆) နာရီထဲက ဘုရားသွားဖို့ဆိုပြီး အိမ်ရှေ့ ရောက်ပြီး လာကြိုနေတာ။ အိပ်ရာထတာ နောက်ကျသွားတော့ ပြောသေးတယ် မကလဲ ကြိုပြောထားရက်နဲ့  စောစောမထဘူးတဲ့ မောင် သွားစရာတွေတန်းစီ စီစဉ်ထားတာ အကုန်နောက်ကျကုန်တော့မှာပဲတဲ့ …”လို့ ရေးသားထားပါတယ်။

သူမက ဆက်လက်ပြီး “အဲ့ဒါနဲ့ ဘုရားကိုရောက်တော့ ဘုရားပေါ်မှာလဲ သူပေးထားတဲ့ဘုရားကပ်ဖို့  ပန်းလေးနဲ့ ဓာတ်ပုံတွေ အများကြီးရိုက်ပေးတယ် ဟိုရောက်တော့လည်း ပန်းတွေထပ်ဝယ်ပေးပီး ပန်းတွေထပ်ကပ် သောက်တော်ရေတွေ ရေဘူးတွေဝယ်ပီး အတူကပ်ခဲ့ကြတယ် ဓာတ်ပုံတွေ အတူရိုက်ကြတယ် ကိုယ်ဘုရားရှိခိုးရင် ဘုရားရေသပ္ပါယ်ရင် မီးပူဇော်ရင်လဲ ကိုယ်လှုပ်ရှားသမျှ Movement လေးတွေကို သူ့ မှာ ဓာတ်ပုံတွေ လိုက်ရိုက်ပေးရတာအမော သားရေ မ ရိုက်မယ်ဆိုမှရိုက်ပါ ဘုရားကန်တော့တာတို့  ရေသပ္ပါယ်တာတို့ ကအစတော့ မရိုက်ပါနဲ့  ပို့စ်မလုပ်ထားတော့ ရုပ်ဆိုးကြီးတွေလို့  ပြောတော့ အဲ့ဒါလေးတွေကမှ တကယ်အမှတ်တရ ဖြစ်တာဆိုပီး ကိုယ့် Snap တွေ သူရိုက်ပေးထားတာတွေမှ အများကြီးပဲ အဲ့ဒီနေ့ တစ်ရက်ပဲ မဟုတ်ဘူး အမြဲတမ်း ကိုယ်ငေးနေတာလေးတွေ စားနေတာတွေ ဟတ်ဟတ်ပက်ပက် ရယ်လိုက်တာတွေ လျှပ်တပြတ် သူရိုက်ပေးထားတာလေးတွေ အများကြီးပဲ ပြီးတော့ သူသည် ကိုယ့်လိုပဲ ဘာသာလူမျိုး မခွဲခြားတဲ့သူပါ … “လို့ ရေးသားထားပါတယ်။

“ပုဂံပခုက္ကူ ဘုရားတွေ သွားခဲ့ကြတုန်းကဆို မိန်းမ မတက်ရနေရာတွေမှာ ဘုရားပေါ် သူကိုယ်တိုင် ရွှေသင်္ကန်းတက်ကပ်ပေးတယ် ဘုရားတွေဆိုလဲ ကိုယ်က မရောက်ဖြစ်တာကြာရင် မောင်လိုက်ပို့ ပေးမယ် မ ဘုရားမသွားတာ ကြာနေပီလေ ဆိုပီး ခဏခဏ သတိပေးတတ်တဲ့သူ … အဓိကကတော့ သူက မြန်မာဝတ်စုံဝတ်ရင် အရမ်းသဘောကျတယ် ဘုရားအတူသွားတဲ့အချိန်ဆို ကိုယ့်ကိုသူမြင်ချင်တဲ့ မြန်မာဝတ်စုံလေးနဲ့ ထမီလေးနဲ့  မြင်ရတယ်လေ …”လို့ ရေးထားပါတယ်။

“(၂)ယောက်သားက ပုဆိုးနဲ့  မြန်မာဝတ်စုံနဲ့ ဆိုတော့ အဲဒီလိုပုံလေးနဲ့ လည်း သူအမြဲ အတူတူ လျှောက်သွားချင်တယ် သူအမြဲပြောတယ် ” မောင်က မကို ချစ်လွန်းလို့  ဘုရားအမြဲပို့ပေး ဘုရားအတူတူ လိုက်တက်ပေး ပန်းတွေ ရွှေသင်္ကန်းတွေ မနဲ့ အတူလိုက်ကပ် မ စားသမျှ မောင်အကုန်လိုက်စားတယ်တဲ့ မ သာဆို မောင့်လောက်ချစ်မှာမဟုတ်ဘူးတဲ့ မောင်တို့  ဘုရားကို မောင့်အမေက သူ့ ရှေ့ မှာအိမ်မှာ ကန်တော့ခိုင်းရင်တောင် မ ကန်တော့နိုင်မှာမဟုတ်ဘူး မောင် သိတယ် ” လို့  ပြောဖူးတယ် ကိုယ့်မှာ အဖြေမရှိခဲ့ပါဘူး ဘာမှပြန်မဖြေနိုင်ခဲ့ဘူး ဘယ်လောက်ချစ်လဲ မေးရင် သူအမြဲပြောတာ ‘ မ ထက် ပိုချစ်တယ် ‘ တဲ့ ကိုယ်မလုပ်နိုင်တာတွေ အားလုံး သူလုပ်နိုင်ခဲ့တယ် ” လို့ရေးသားထားတာ တွေ့ရပါတယ်။

ဒီစာကို ဖတ်မိတဲ့ ပရိသတ်တိုင်း သူတို့နှစ်ယောက်အတွက် ၀မ်းနည်းနေခဲ့ကြသလို အောင်ရဲထွေးအတွက်လည်း စိတ်မကောင်းဖြစ်နေခဲ့ကြပါတယ်။

source : may phoo mg instagram