ပြည်သူ့အချစ်တော်၊ အကယ်ဒမီ မင်းသမီးတစ်ယောက်ဖြစ်တဲ့ ထက်ထက်မိုးဦးက အလှူပွဲသွားရင်းနဲ့မှ သာသနာဘောင်မှာ ပျော်သလောက်နေမယ်ဆိုပြီး ဆရာလေး ဒေါ်နန္ဒမာလာအဖြစ် ခံယူသွားခဲ့ပါတယ်။ ဆရာလေးကတော့ တောင်ကြီးမြို့ ပဒုမ္မာပအိုဝ့်သီလရှင်ကျောင်းမှာ သီတင်းသုံးနေတာပဲဖြစ်ပါတယ်။

ဆရာလေး ဒေါ်နန္ဒမာလာက အားလုံးပြည့်စုံနေပြီးဖြစ်လို့ အပူအပင်ကင်းကင်းနဲ့ တရားအားထုတ်နိုင်သော်လည်း သမီးလေး စစ်လွန်းဝတီထက်ကို ပြည့်ပြည့်စုံစုံ ထားပေးချင်တာကြောင့် သီလရှင် အပြီး ၀တ်မယ်/မ၀တ်ဘူးဆိုတာတော့ ယတိပြတ် မသေချာသေးဘူးလို့ သိရပါတယ်။

အခုလို သီလရှင်ဝတ်သွားတာနဲ့ပတ်သက်ပြီး ဆရာလေး ဒေါ်နန္ဒမာလာ ကတော့”မှားခဲ့တာတွေကို ဘုရားရှင်ရှေ့မှာ ၀န်ချတောင်းပန်ပြီး သီလရှင်ဝတ်ခဲ့တာပါ။ အသက် (၁၃)နှစ်လောက်ကလည်း သီလရှင် ၀တ်ဖူးတယ်။ မထွက်ချင်ပေမယ့် အဘွားက ထွက်လာခဲ့ပါဦးဆိုတော့ ထွက်ဖြစ်ခဲ့တာ။ အကြာကြီး ၀တ်ခဲ့တာ။ အဲဒါကြောင့် တရားထိုင်တာ တရားအားထုတ်တာတွေက မခက်ခဲပါဘူး။ အရင်ထဲက လုပ်ဖူးတယ်ဆိုတော့လေ။ အရမ်းကို အေးချမ်းသွားတယ် … “လို့ ပြောခဲ့ပါတယ်။

ဆရာလေး ဒေါ်နန္ဒမာလက ဆက်လက်ပြီး “ကိုယ်လည်း မိဘနဲ့ပြည့်ပြည့်စုံစုံ မနေခဲ့ရတော့ ကလေးတွေကို ကိုယ်ချင်းစာတယ်။ ကိုယ့်မှာလဲ သမီးလေးရှိတော့ သမီးကိုပစ်သွားပြီးမှ သီလရှင်ဝတ်သွားတာ အဓိပ္ပါယ်မရှိဘူးလို့ သူများတွေက ပြောနေကြတယ်။ ကိုယ်လဲ ကိုယ့်ဘ၀နဲ့ကိုယ် ကိုယ်အကြောင်းနဲ့ကိုယ် ကိုယ်ပဲ သိတာလေ။ ကိုယ်မွေးထားတဲ့ သမီးပဲ ဘယ်ခွဲနေချင်ပါ့မလဲ။ မိဘမဲ့ ကလေးတွေကို မြင်ရင် ပိုပြီးခံစားရတယ်။ ကိုယ်ငယ်ငယ်က ဒုက္ခရောက်သလို သမီးကိုလဲ မရောက်စေချင်ဘူး” ဆိုပြီး Oasis ဂျာနယ်မှာ ဖြေကြားထားခဲ့တာပဲ ဖြစ်ပါတယ်။
source : Oasis