မင်းသားချော Kim Rae-won ကတော့ မြန်မာပရိသတ်တွေနဲ့ အထူးမိတ်ဆက်ပေးဖို့တောင်မလိုတဲ့ မင်းသားတစ်ယောက်ပါ။ ၂၀၀၃ခုနှစ်ဝန်းကျင်လောက်ကဆိုရင် အရမ်းကို နာမည်ကြီးခဲ့သူပါ။ Rooftop Room Cat, My Little Bride, Love Story in Harvard, Gourmet, A Thousand Days’ Promise, Punch, Doctor Crush ဆိုတဲ့ ဇာတ်ကားတွေနဲ့ နာမည်ကြီး အောင်မြင်သူပါ။ အသက်(၃၆)နှစ်ဖြစ်ပြီး အချစ်နဲ့ပတ်သက်ရင် ခဲမှန်ဖူးတဲ့စာသူငယ် ဖြစ်ခဲ့ဖူးပါတယ်။ Kim Rae-won ဟာ သူ့ရဲ့ အချစ်ဦးနဲ့ပတ်သက်ပြီး ၂၀၁၃ တုန်းက Talk Show တစ်ခုမှာ ပြောပြခဲ့ ဖူးပါတယ်။Kim Rae-won  ရဲ့အချစ်ဦးဇာတ်လမ်းကတော့…….

# မင်းသမီးတစ်ယောက်နဲ့ ချစ်သူတွေဖြစ်ခဲ့ဖူး

သူ့ရဲ့အချစ်ဦးက အနုပညာလောကထဲက မင်းသမီးတစ်ယောက်ပါ။ သူ့အသက် (၁၈)နှစ်တုန်းက ဆုံခဲ့တာပါ။ “ရိုက်ကွင်းတစ်ခုမှာ ဆုံခဲ့တာပါ။ သူမက မင်းသမီးတစ်ယောက်ပါ” လို့ ပြောပါတယ်။

#အပြင်မှာတွေ့ကြဖို့ သူမက အရင်ချိန်းဆိုခဲ့

အပြင်မှာတွေ့ကြဖို့ အဲ့ဒီမင်းသမီးကပဲ အရင်စပြီး ပြောခဲ့တာပါ။ တစ်နှစ်ခွဲလောက် တွဲခဲ့ကြပါတယ်။  “သူမက ကျွန်တော့်အတွက် ကဗျာတစ်ပုဒ်စပ်ပေးခဲ့ဖူးပါတယ်။ ဘ၀ဆိုတာ ထိုင်ခုံရှည် တစ်လုံးပါပဲ။ တစ်ချို့က ခဏထိုင်တယ်။ ထွက်ခွာသွားတယ်။ တစ်ချို့ကျတော့လည်း အကြာကြီးထိုင်သွားကြတယ်။ နင်ကတော့ ငါဆိုတဲ့ ထိုင်ခုံလေးကို ခွဲမသွားဖို့ မျှော်လင့်ပါတယ်” ဆိုပြီး အချစ်ဦးပေးတဲ့ ကဗျာကိုပါ ရေရွတ်ပေးခဲ့ပါတယ်။

#ချစ်သူရဲ့ အိမ်အပြန်ခရီးအတွက် ကိုယ်ရံတော်လုပ်ပေးခဲ့ဖူး

Kim Rae Won က သူဟာ ချစ်သူကို နေ့တိုင်းအိမ်ပြန်ပို့ပေးခဲ့ဖူးတယ်လို့ ပြောခဲ့ပါတယ်။ “သူက Bundang မှာနေတာလေ။ အဲ့မှာ ဘာမှမရှိပေမယ့် နောက်ဖက်မှာ လယ်ကွင်းတွေရှိတယ်။ သူ့ကို အိမ်ပြန်လိုက်ပို့ပေးဖို့ ကျွန်တော် နေ့တိုင်းရထားစီးပြီး သွားခဲ့ဖူးပါတယ်။ အသွားအပြန်ဆိုရင် တစ်နေ့ (၃)နာရီလောက် ကြာပါတယ်။ တစ်နှစ်ခွဲလောက်ကို နေ့တိုင်း ကျွန်တော် အဲ့လိုလုပ်ပေးခဲ့တာပါ”

#နောက်ဆုံး ချန်ရစ်ခံရ

သူရဲ့အချစ်ဦးက ကောလိပ်ကျောင်းတက်နေတဲ့အချိန်၊ သူ အထက်တန်းကျောင်းသား ဘ၀မှာတော့ သူတို့ဇာတ်လမ်းပြတ်ခဲ့ပါတယ်။ “ကျွန်တော်တို့နှစ်ယောက် ဘတ်စ်ကားစီးနေတုန်းမှာ သူ့ဆီကို တခြားတစ်ယောက်ဆီကနေ မက်ဆေ့ခ်ျဝင်လာခဲ့တယ်။ အဲ့ဒီတစ်ယောက်က ဘယ်သူလဲလို့ ကျွန်တော် မေးခဲ့တယ်။ သူ လန့်သွားတယ်။ ဘာမှတောင် မဖြေနိုင်တော့ဘူး။ သူက အရမ်းလှတော့ သူနဲ့တွဲချင်တဲ့ ယောက်ျားတွေက အများကြီးပဲလေ” လို့ ပြောခဲ့ပါတယ်။ အဲဒီဖြစ်ရပ်အပြီးမှာပဲ သူတို့ လမ်းခွဲခဲ့ကြပါတယ်။

#သတ်သေဖို့ အထိလုပ်ခဲ့

“ကျွန်တော်အရမ်း နာကျင်ခဲ့ရတယ်။ အရမ်းကို နာကျင်ရလွန်းလို့ သေပဲသေချင်ခဲ့တယ်။ ဟန်မြစ်ထဲကို တစ်ခါ ခုန်ချဖူးတယ်။ အဲတုန်းက နိုဝင်ဘာလကြီး။ အရမ်းအေးလွန်းတော့ ကျွန်တော်လည်း မြစ်ထဲကနေ ပြန်တက်လာခဲ့တယ်” လို့ပြောခဲ့ပါတယ်။ “အခုအချိန်မှာတော့ အတိတ်ကကိစ္စတွေ အားလုံးကို ခ၀ါချလိုက်ပါပြီ။ သူ့ကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။အချစ်ဦးကြောင့် နာကျင်ရတဲ့ ခံစားချက်မျိုးလည်း မရှိတော့ပါဘူး။ ကျွန်တော့်ရဲ့ ကလေးဘ၀အတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရလေးတွေပါပဲ”

# who is she?

Kim Rae Won ကတော့ နာမည်နဲ့တပ်ပြီး အချစ်ဦးက ဘယ်သူပါလို့ မပြောခဲ့ပေမယ့် သူပြောခဲ့တဲ့ အချက်အလက်တွေကို ဆက်စပ်လိုက်တဲ့ အခါမှာတော့ တစ်ချိန်တုန်းက သူအရမ်းချစ်ခဲ့ရတဲ့ အချစ်ဦး ဘယ်သူဆိုတာပေါ်ခဲ့ပါတယ်။ မင်းသမီးဖြစ်တယ်၊ သူ့ထက် တစ်နှစ်ကြီးတယ်။ သူ့ အသက်(၁၈)နှစ်တုန်းကအတူ ရုပ်ရှင်ရိုက်ဖူးတယ်၊ ဒါတွေအားလုံးက အဲ့ဒီမိန်းကလေးဟာ မင်းသမီး Lee Yo Won လို့ ညွှန်ပြနေပါတယ်။ Lee Yo Won က ဂေါက်သီးကစားသမား Park Jin Woo နဲ့ (၂၀၀၃)က လက်ထပ်ခဲ့ပါတယ်။ အိမ်ထောင်ကျလို့ ကလေးတောင်ရနေပါပြီ။ အိမ်ထောင်သက်(၁၀) နှစ်အကြာ (၂၀၁၄)မှာတော့ (သမီးနှစ်ယောက်၊သားတစ်ယောက်) ကလေး(၃)ယောက် အမေဖြစ်နေပါပြီ။

FROM KSTARLIVE

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။