အောက်တိုဘာ ၁၉ရက်နေ့မှာ တောင်ကိုရီးယားအမျိုးသားအဆိုတော်အဖွဲ့ Shinhwa ရဲ့ အဖွဲ့ဝင် Jun Jin နဲ့ ဇနီးသည် Ryu Yi Seo တို့ဟာ SBS ရှိုး Same Bed, Different Dreams2 – You are My Destiny မှာ မင်္ဂလာပွဲပုံရိပ်တွေကိုဖော်ပြခဲ့ပါတယ်။ Jun Jin နဲ့ Ryu Yi Seo တို့ဟာ အစောပိုင်းမှာ ကိုဗစ်ကြောင့် မင်္ဂလာပွဲရွှေ့ဆိုင်းခဲ့ရာကနေ စက်တင်ဘာ၂၇ရက်နေ့မှ မင်္ဂလာပွဲကျင်းပဖြစ်ခဲ့တာပါ။

မင်္ဂလာပွဲကျင်းပမယ့် မနက်ခင်းမှာတော့ သတို့သားရော သတို့သမီးပါစိတ်လှုပ်ရှားနေခဲ့ကြတာပါ။ “ခန်းမထဲရောက်တဲ့အချိန် ကျွန်တော်အရမ်းစိတ်လှုပ်ရှားမိတယ်။ သတို့သမီးကိုမြင်လိုက်တော့ ပိုပြီးစိတ်လှုပ်ရှားပြန်ရော။” လို့ Jun Jin က ဆိုပါတယ်။ သိပ်မကြာခင် Shinhwa အဖွဲ့ဝင်တွေပါ ရောက်လာတော့မယ့်အကြောင်း ကြားလိုက်ရတဲ့အခါမှာတော့ “သူတို့တွေကို တွေ့လိုက်ရင် ကျွန်တော်ပိုပြီးစိတ်လှုပ်ရှားတော့မယ်ဆိုတာ ကျွန်တော်သိတယ်။ ပြီးခဲ့တဲ့ ၁၉နှစ်လုံးလုံး ကျွန်တော်တို့က အချိန်တွေအတူကုန်ခဲ့ကြတာ။” လို့ Jun Jin က ဆိုပါတယ်။

မင်္ဂလာပွဲအတွက် အားလုံးပြင်ဆင်ပြီးချိန်လောက်မှာတော့ Shinhwa အဖွဲ့ဝင်တွေရောက်လာခဲ့ပါတယ်။ Eric ကတော့ ဇနီးသည်ဖြစ်တဲ့ မင်းသမီးချော Na Hye Mi နဲ့ ရောက်လာခဲ့ပါတယ်။ မင်္ဂလာဆောင်မှာတော့ အနားမှာကင်မရာတွေဝိုင်းနေလို့ စိတ်လှုပ်ရှားနေတဲ့ ဇနီးသည် Na Hye Mi ကို တစ်ချိန်လုံးလက်ဆွဲထားတဲ့ Eric ရဲ့အပြုအမူကလည်း မင်္ဂလာပွဲလာပရိသတ်တွေကို စိတ်ဝင်စားစေခဲ့ပါတယ်။

Jun Jin ကတော့ “Eric က ကျွန်တော့်လိုပဲ။ ကျွန်တော်တို့ နှစ်ယောက်စလုံးက ယူထားတဲ့မိန်းမတွေကို အရမ်းဂရုစိုက်ကြတာ။” လို့ ပြောပြပါတယ်။ Shin Hye Sung ကတော့ မင်္ဂလာပွဲအတွက် အခမ်းအနားမှုးလုပ်ပေးခဲ့ပြီး Kim Dong Wan ကတော့ မင်္ဂလာဇနီးမောင်နှံအတွက် ဂုဏ်ပြုသီချင်းသီဆိုပေးခဲ့ပါတယ်။ Shin Hye Sung ကတော့ “နှစ်၂၀ ကြာ အတူတူတွဲလာခဲ့တဲ့ Shinhwa အဖွဲ့ဝင်အနေနဲ့ရော၊ ညီအစ်ကိုလိုဖြစ်နေတဲ့အတွက်ရော ကျွန်တော် သူ့အတွက်အရမ်းပျော်ပါတယ်။” လို့ပြောပြခဲ့ပါတယ်။

ထို့နောက်မှာတော့ သတို့သမီး Ryu Yi Seo က ခန်းမထဲဝင်လာခဲ့ပုံနဲ့ပတ်သက်လို့ Jun Jin က အခုလိုဆိုပါတယ်။ “သူ့ကို မြင်ရတာ နတ်သမီးလေးလိုပါပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် သူ့နားမှာရှိနေမှာပါ။ ကျွန်တော့်ဇနီးရဲ့ အဖေက လွန်ခဲ့တဲ့ ၆နှစ်လောက်ကဆုံးသွားပြီ။ ကျွန်တော်က သူ့အပေါ်တစ်ခါတစ်လေကလေးဆန်ပါတယ်။ ဒါပေမဲ့လည်း သူ့မှာအားကိုးစရာမရှိတော့ ကျွန်တော်က သူအားကိုးနိုင်တဲ့ခင်ပွန်းဖြစ်သင့်တယ်လို့ တွေးပါတယ်။”

သတို့သမီးနဲ့ သတို့သားတို့က အပြန်အလှန်လက်စွပ်တွေလဲပြီး ကတိသစ္စာပြုတဲ့အခါမှာတော့ Shinhwa အဖွဲ့ဝင်တွေလည်း စိတ်လှုပ်ရှားပြီးပျော်နေတာကို တွေ့ရပါတယ်။ Kim Dong Wan က မင်္ဂလာမောင်နှံအတွက် ဂုဏ်ပြုသီချင်းဆိုခဲ့ပေမယ့် သတို့သား Jun Jinကလည်း ဇနီးအတွက် သူ့သီချင်းတွေထဲကတစ်ပုဒ်ကို အမှတ်တရဆိုပြခဲ့တယ်လို့ soompi သတင်းအရသိရပါတယ်။

Cele Now