Girls’ Generation အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ Seohyun ဟာ အင်တာဗျူးတစ်ခုမှာ Girls’ Generation အဖွဲ့ဝင်အဖြစ်ရှိနေခဲ့စဉ်က သူ့ဘ၀မှာ ခက်ခဲတဲ့အချိန်တွေဖြစ်ခဲ့ကြောင်းကို ပြောပြခဲ့ပါတယ်။

(၅)နှစ်တာကာလလောက် အတူတူရှိခဲ့ကြတဲ့ Girls’ Generation အဖွဲ့ဟာ တစ်ယောက်နဲ့တစ်ယောက် အရမ်းကို ချစ်ခင်ရင်းနှီးကြတယ်ဆိုတာ လူတိုင်းသိကြမှာပါ။ ဒါပေမဲ့ သူတို့မှာလည်း တစ်ယောက်နဲ့တစ်ယောက် စိတ်သဘောထားမတိုက်ဆိုင်တဲ့အချိန်တွေ ရှိခဲ့ပါတယ်။

“ရန်တစ်ခါဖြစ်ပြီးတိုင်း တစ်ယောက်နဲ့တစ်ယောက် ပိုပြီးသိလာကြတယ်။ အဲဒီအချိန်တွေမှာ ကျွန်မ အများကြီးရင့်ကျက်ခဲ့တယ်” လို့ Seohyun က ပြောခဲ့ပါတယ်။

အတူတူနေခဲ့ကြတဲ့ (၅)နှစ်တာကာလအတွင်းမှာလည်း လင်မယားတွေရန်ဖြစ်တာထက်တောင် ပိုဖြစ်ခဲ့ကြတယ်လို့ Seohyun က ပြောခဲ့ပါတယ်။ ကိစ္စသေးသေးလေးတွေကအစ ရန်ဖြစ်ခဲ့ကြတယ်လို့လည်း Seohyun က ဆိုပါတယ်။

(၅)နှစ်လောက် အတူတူနေပြီးနောက်မှာတော့ Girls’ Generation အဖွဲ့ဝင်တွေဟာ သူတို့ကိုယ်စီရဲ့ မိဘတွေအိမ်မှာပြန်လည်ပြီး နေထိုင်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာတော့ အချင်းချင်းလွမ်းနေခဲ့ကြတယ်လို့ Seohyun ကပြောပါတယ်။

“အတူရှိချိန်မှာ ရန်ဖြစ်ကြပြီး၊ အတူ မရှိတဲ့အခါမှ ကျွန်မတို့ဟာ အချင်းချင်း လွမ်းတတ်ကြပါတယ်” လို့ Seohyun ကပြောပြခဲ့ပါတယ်။

အင်တာဗျူးမှာ Seohyun ကို Girls’ Generation ကနေထွက်ပြီးနောက်မှာ ဘယ်လိုခံစားရလဲလို့ မေးခဲ့ပါတယ်။ “ကျွန်မတစ်ယောက်ထဲဖြစ်မှာကို မကြောက်ပါဘူး။ ဒါပေမဲ့ ပိုပြီးတာဝန်ကြီးသွားသလို ခံစားရပါတယ်။ အရမ်းလဲ စိတ်လှုပ်ရှားပါတယ်။ နောင်တတော့မရပါဘူး” လို့ Seohyun က ပြောခဲ့ပါတယ်။

Source: Koreaboo

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။