တောင်ကိုရီးယား မင်းသားချော Kim Woo Bin တစ်ယောက် (nasopharyngeal) ကင်ဆာရောဂါကြောင့် ဆေးကုသမှု ခံယူနေရပါတယ်။ Kim Woo Bin ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သူ မင်းသား Hong Jong hyun က Kim Woo Bin ရဲ့ လက်ရှိကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး ထုတ်ပြောခဲ့ကြောင်း koreaboo မှာ ဖော်ပြထားပါတယ်။

သတင်းထောက်တစ်ဦးက မင်းသား Hong Jong Hyun ရဲ့ အနုပညာ သက်တမ်း (၁၀)နှစ်ပြည့် အထိမ်းအမှတ်ပွဲမှာ သူငယ်ချင်း Kim Woo Bin ရဲ့ ကျန်းမာရေးအကြောင်းကို မေးခဲ့တာပါ။ “အခုလက်ရှိကတော့ ကျွန်တော် သိရလောက် Kim Woo Bin ဟာ အများကြီးပြန်ကောင်းလာပါပြီ။ သူ မကြာခင်မှာ ပြန်ကောင်းလာဖို့ ကျွန်တော် မျှော်လင့်ပါတယ်” လို့ ဖြေခဲ့ပါတယ်။ Kim Woo Bin ဟာ မေလတည်းက ကင်ဆာရောဂါကြောင့် ကုသမှု ခံယူနေခဲ့ရတာပါ။ သူခံစားနေရတဲ့ ကင်ဆာဟာ ဦးခေါင်းနဲ့လည်ပင်းကင်ဆာဆိုပြီး လူသိများတဲ့ (nasopharyngeal ) ဆိုတဲ့ ရှားပါးကင်ဆာပါ။

Hong Jong Hyun က သူငယ်ချင်းဖြစ်သူ ရှားပါးကင်ဆာရောဂါခံစားနေရတယ်ဆိုတာ ပထမဆုံး သိလိုက်ချိန်မှာ အရမ်းကို တုန်လှုပ်ခဲ့ကြောင်း၊ သူ နေမကောင်းတာကိုသိပေမယ့် ဘယ်လိုအခြေအနေမျိုးအထိ ဖြစ်နေလဲဆိုတာကိုတော့ အစပိုင်းက မသိခဲ့ကြောင်း၊ ဒီအကြောင်းနဲ့ပတ်သက်ပြီး သူငယ်ချင်းဖြစ်သူနဲ့ စကားပြောရင်လည်း သူ့စိတ်ထဲမှာ ပိုပြီး စိတ်ဖိစီးမှုရသွားမယ်လို့ တွေးမိခဲ့ကြောင်း ပြောပါတယ်။

Hong Jong Hyun ဟာ Woo Bin ရဲ့ ရောဂါသက်သာလာတဲ့ အချိန်တစ်ခုကို စောင့်ခဲ့တယ်လို့ ဆိုပါတယ်။ “သူ ကျွန်တော့်ကို နောက်ပိုင်းကျတော့ ခေါ်တယ်။ သူ့ အခြေအနေသက်သာတယ်ပြောတယ်။ သူ မကြာခင်ပြန်ကျန်းမာမှာပါ။ ကျွန်တော်လည်း သူ့ကို အားပေးနေပါတယ်။ သူနဲ့အတူ အလုပ်တွေတွဲလုပ်သွားဦးမှာပါ”လို့ ပြောပါတယ်။ Kim Woo Bin ရဲ့အေဂျင်စီ sidus HQ ကတော့ Woo Bin ဟာ လက်တလောမှာ သူ့ရဲ့ ဓါတ်ရောင်ခြည်ကုသမှုကိုပဲ အာရုံစိုက်သွားဦးမှာဖြစ်ပြီး ကျန်းမာရေး အပြည့်အ၀ကောင်းလာမှ ပရိသတ်တွေနဲ့ တွေ့ဆုံသွားဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။ ချစ်သူ Shin Min Ah ကလည်း အနားမှာ အနီးကပ်ပြုစုစောင့်ရှောက် ပေးနေပါတယ်။

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။