မင်းသမီးချောလေး Jang Nara ကတော့ အလှူအတန်းရက်ရောသူတစ်ယောက်ပါ။ လက်ရှိအချိန်အထိ သူမ လှူဒါန်းထားတဲ့ငွေက အမေရိကန်ဒေါ်လာ(၁၂)သန်းကျော် (ကိုရီးယားဝမ် ၁၃ ဘီလီယံ)ရှိနေပြီလို့ သိရပါတယ်။ သူမဟာ အဲဒီငွေတွေကို လွန်ခဲ့တဲ့ (၁၆)နှစ်ကတည်းက တိတ်တိတ်လေး လှူဒါန်းလာခဲ့တာပါ။

 အနုပညာလောကထဲကို သူမ စ၀င်ခဲ့တဲ့ (၂၀၀၁)ခုနှစ်တည်းက အလှူလုပ်ခဲ့တာပါ။ တစ်နေရာတည်းကို ပုံအောပြီး လှူဒါန်းတာမျိုးမဟုတ်ဘဲ လိုအပ်တဲ့နေရာတွေမှာ လိုအပ်သလို လှူခဲ့တာပါ။ ကိုရီးယားနိုင်ငံမှာရော၊ တရုတ်နိုင်ငံမှာပါ လှူဒါန်းမှုတွေ လုပ်ခဲ့တဲ့အပြင် မြောက်ကိုရီးယားမှာရှိတဲ့ကလေးတွေကိုကူညီဖို့ အမေရိကန်ဒေါ်လာ (၃၆,၄၀၀) နီးပါးလှူခဲ့ပါသေးတယ်။ ကြော်ငြာ၊ ရုပ်ရှင်၊ TV shows တွေကနေရတဲ့ အနုပညာကြေးတွေရဲ့ တစ်စိတ်တစ်ပိုင်းကို လှူခဲ့တာပါ။ လှူဒါန်းဖြစ်ရတဲ့ အကြောင်းပြချက်ကတော့ ရိုးရှင်းပါတယ်။

“ကျွန်မ အခက်ကြုံတဲ့အချိန်မျိုးဆိုရင် ကျွန်မလည်း လှူနိုင်မှာမဟုတ်ဘူး။ ကျွန်မတတ်နိုင်သမျှ လှူတာပါ။ စွန့်လွှတ်အနစ်နာခံတယ်ဆိုပြီး အရမ်းကြီးစိတ်အားထက်သန်တာမျိုးတော့ မဟုတ်ပါဘူး။ ကျွန်မကလည်း နည်းနည်းတော့ တစ်ကိုယ်ကောင်းဆန်တတ်တဲ့သူမျိုးလို့ ထင်ပါတယ်။ အိမ်ကောင်းကောင်းမှာ နေရတာကိုကြိုက်တယ်။ ကျွန်မမိသားစုကို ပိုပြီးကောင်းကောင်းထားပေးချင်တယ်” လို့ ပြောခဲ့ပါတယ်။ Jang Nara ရဲ့ ဖခင်က သူမရဲ့ အလှူအကြောင်းကို ထုတ်ဖော်ပြောပြခဲ့တာဖြစ်ပြီး ဒီပမာဏဟာ (၂၀၀၉)ခုနှစ်လောက်ကစပြီး ရေတွက်ထားတဲ့ ပမာဏပဲ ရှိသေးတယ်လို့ koreaboo မှာဖော်ပြထားပါတယ်။

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။