လက်ထပ်ထားတာ မကြာသေးတဲ့ သတို့သား ပူပူနွေးနွေးလေး ဆောင်ဂျွန်ကီကတော့ ပရိသတ်တွေရှေ့ကို မကြာခင်မှာ ထွက်ပေါ်လာတော့မယ့် အခြေအနေပါ။ ဆောင်ဂျွန်ကီဟာ “2017 MAMA” ပွဲမှာ အစီအစဉ်တင်ဆက်သူ (အစီအစဉ်မှူး)အဖြစ် ပါဝင်သွားနိုင်ချေရှိပါတယ်။ MAMA ဆိုတာကတော့ K-pop Music ဆုပေးပွဲပါ။ CJ E&M  Entertainment ကုမ္ပဏီကနေ စီစဉ်ကျင်းပတဲ့ပွဲပါ။

နိုဝင်ဘာ(၉)ရက်နေ့က Mnet က တာဝန်ရှိသူတစ်ဦးက Star Today ဆိုတဲ့ မီဒီယာကို ဒီအကြောင်း ပြောခဲ့တာပါ။ “ဆောင်ဂျွန်ကီဟာ ‘2017 MAMA’ ပွဲမှာ အစီအစဉ်တင်ဆက်သူအဖြစ်ပါဝင်ပေးဖို့ ဆွေးနွေးနေပါတယ်။ တကယ်လို့ ဒီကမ်းလှမ်းချက်ကို သူသာလက်ခံမယ်ဆိုရင်တော့ ဒါဟာ လက်ထပ်ပြီးနောက်ပိုင်း ဆောင်ဂျွန်ကီရဲ့ ပထမဆုံး အလုပ်ဖြစ်လာမှာပါ” လို့ပြောခဲ့ပါတယ်။ ဆောင်ဂျွန်ကီဟာ (၂၀၁၂)ဆုပေးပွဲတုန်းကလည်း အစီအစဉ်တင်ဆက်သူအဖြစ် တစ်ကြိမ် ပါဝင်ပေးခဲ့ဖူးပါတယ်။

2017 MAMA (Mnet Asian Music Awards)’ ဆုပေးပွဲကိုတော့ နိုဝင်ဘာ (၂၅)ကနေ ဒီဇင်ဘာ(၁)ရက်နေ့ အထိ နိုင်ငံပေါင်း(၃)နိုင်ငံ (ဗီယက်နမ်၊ ဂျပန်နဲ့ တရုတ်(ဟောင်ကောင်)) တို့မှာ ကျင်းပမှာပါ။ ဒီနှစ်ရဲ့ Theme ကတော့ “ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခြင်း” ပါ။ ဒါဟာ ကမ္ဘာလုံးဆိုင်ရာ Global Music Festival ပွဲတစ်ခုဖြစ်ဖို့ ကိုယ်စားပြုတာပါ။ မတူညီတဲ့ ဘာသာစကား၊ ယဉ်ကျေးမှုတွေကို လိုက်ဖက်ညီစွာ အတူတကွယှဉ်တွဲတည်ရှိနိုင်တယ်ဆိုတာကို ပြချင်တဲ့သဘောပါ။

ဆောင်ဂျွန်ကီဟာ အောက်တိုဘာ(၃၁)ရက်က ဆောင်းဟေကိုနဲ့ လက်ထပ်ခဲ့ပါတယ်။ လက်ထပ်ပြီးနောက်မှာတော့ ဘယ်သူမှ မျှော်လင့်မထားတဲ့အရာတစ်ခုကို ဆောင်ဂျွန်ကီက လုပ်ခဲ့ပါတယ်။ အဲ့ဒါကတော့ ယာဉ်မတော်တဆမှုကြောင့် ကွယ်လွန်သွားတဲ့ မင်းသား Kim Joo Hyuk ရဲ့ ဈာပနပွဲကို  နိုဝင်ဘာ(၁)ရက်နေ့က သွားခဲ့တာပါ။ လက်ထပ်ထားခါစအချိန်မှာ အခုလို နာရေးပွဲကိုသွားတာ အရမ်းကိုရှားပြီး မင်္ဂလာယူချိန်မှာ အမင်္ဂလာနေရာကိုသွားရင် ကံမကောင်းတတ်ဘူး၊ ကံဆိုးတယ်ဆိုတဲ့ အယူဟာ သူတို့ဆီမှာလည်း ရှိပါတယ်။ ဒါပေမယ့် ဆောင်ဂျွန်ကီကတော့ ဒါတွေကို လုံးဝဂရုမစိုက်ဘဲ သူ့စီနီယာရဲ့နောက်ဆုံးခရီးမှာ နောက်ဆုံးအကြိမ် သွားရောက်ဂါဝရပြုခဲ့ပါတယ်။ ဒီအကြောင်းတွေကိုတော့ kstarlive မှာဖော်ပြထားပါတယ်။

CeleNow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။