Song Hye-kyo ကို တောင်ကိုရီးယားရဲ့ အလှဆုံးအမျိုးသမီးအဖြစ်သတ်မှတ်တဲ့အပြင် သူမဟာ တောင်ကိုရီးယားရဲ့ သရုပ်ဆောင်ကြေးအမြင့်ဆုံးမင်းသမီးတွေထဲက တစ်လက်ဖြစ်ပါတယ်။ သူသရုပ်ဆောင်ပြီးတော့ မပေါက်တဲ့ဇာတ်ကားဆိုတာ ခပ်ရှားရှားပါပဲ။ အခုအခါမှာတော့ scmp ကတဆင့် Song Hye-kyo ရဲ့တောင်ကိုရီးယားနိုင်ငံထဲတင်သာမကဘဲ ကမ္ဘာနဲ့ချီပြီးအောင်မြင်မှုရရှိခဲ့တဲ့ ရုပ်သံစီးရီးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Autumn in My Heart (2000)

၁၉၉၆ခုနှစ် ဆယ်ကျော်သက်အရွယ်ကတည်းက သူမဟာ ဒရာမာတွေ ဇာတ်လမ်းတွဲအစီအစဉ်တွေမှာပါဝင်ခဲ့ပါတယ်။ ၂၀၀၀ခုနှစ်မှာတော့ Song Seung-heon, Won Bin တို့နဲ့အတူသရုပ်ဆောင်ခဲ့တဲ့ Autumn in My Heart ဇာတ်ကားနဲ့ အကြီးအကျယ်အောင်မြင်ခဲ့ပါတယ်။ ဒီဒရာမာဇာတ်ကားကြောင့် အာရှမှာကိုရီးယားဇာတ်လမ်းတွဲတွေကို ကြည့်ရှုသူနှုန်းတိုးတက်လာခဲ့ပါတယ်။ အဲ့ဒီနှစ်မှာပဲ Song ဟာ KBS Drama Awards ရဲ့ပေါ်ပြူလာအဖြစ်ဆုံးဆုကို ရရှိခဲ့ပြီး နောက်နှစ်မှာတော့ Baeksang Art Awards ဆုကိုဆွတ်ခူးခဲ့ပါတယ်။

Full House (2004)

ဒီအချစ်ဟာသရုပ်ရှင်ဇာတ်လမ်းတွဲမှာတော့ Song ဟာ K-pop idol ဖြစ်တဲ့ သရုပ်ဆောင် Rain နဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်။ အဲ့ဒီနှစ်မှာပဲ Song ဟာ KBS Drama Awards ရဲ့ ပေါ်ပြူလာအဖြစ်ဆုံးဆု၊ အကောင်းဆုံးစုံတွဲဆုနဲ့ ထိပ်တန်းအကောင်းဆုံးဆုတွေကို တသီကြီးရရှိခဲ့ပါတယ်။

That Winter, The Wind Blows (2013)

ဒီဇာတ်ကားထဲမှာတော့ Song ဟာ အရမ်းချမ်းသာကြွယ်ဝလွန်းတဲ့မျက်မမြင် အမွေဆက်ခံသူအမျိုးသမီးတစ်ယောက်အဖြစ် မင်းသား Jo In-sung နဲ့အတူ သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားနဲ့ Song ဟာ ဒုတိယအကြိမ်မြောက် APAN Star Awards မှာ Daesang အထူးဆုကြီးကို ဆွတ်ခူးရခဲ့ပါတယ်။

Descendants of the Sun (2016)

သရုပ်ဆောင်လောကထဲဝင်ပြီး နှစ်၂၀အကြာမှာ အခုဇာတ်ကားကြောင့် Song ဟာ ပိုပြီးအောင်မြင်လာခဲ့ပါတယ်။ ဒီဇာတ်ကားဟာ စစ်ဘက်ဆိုင်ရာဒရာမာဇာတ်ကားအမျိုးအစားဖြစ်ပြီး ကိုရီးယား၊ တရုတ်အပါအဝင် နိုင်ငံတော်တော်များများမှာ ပေါက်ခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ဝင်ခန်းထဲမှာ သူမအသုံးပြုခဲ့တဲ့ပစ္စည်းတွေဟာ တဟုန်ထိုးရောင်းအားတက်ခဲ့တယ်ဆိုပါတယ်။ အဲ့ဒီနှစ်မှာလည်း Song ဟာ Baeksang Art Awards မှာ ပေါ်ပြူလာအဖြစ်ဆုံးဆုနဲ့ တရုတ်နိုင်ငံမှာ သူမရဲ့ကျော်ကြားမှုကို အသိအမှတ်ပြုတဲ့ iQiyi Global Star Award ဆုတွေကိုလည်း ရခဲ့ပါတယ်။

Encounter (2018)

ဒီစီးရီးကတော့ Song ရဲ့ မကြာသေးခင်ကမှ ထွက်ခဲ့တဲ့ စီးရီးပါ။ သူမထက် အသက်၁၁နှစ်ငယ်တဲ့ ဂျူနီယာသရုပ်ဆောင် မင်းသား Park Bo-gum နဲ့ရိုက်ကူးထားတာပါ။  အသက်ကွာဟမှုများပေမယ့် Song နဲ့ Park ရဲ့သရုပ်ဆောင်ချက်တွေဟာ ပရိသတ်တွေကိုဆွဲဆောင်နိုင်ခဲ့တာဖြစ်ပြီး ဒီဇာတ်ကားကို နိုင်ငံပေါင်း ၁၀၀ကျော်မှာ ထုတ်လွှင့်ပြသခဲ့တယ်လို့ သိရပါတယ်။

လင်းလင်း