DC ရဲ့ စူပါဟီးရိုတစ်ဦးဖြစ်တဲ့ Aquaman ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်တဲ့ မင်းသားကြီး Jason Momoa ကိုတော့ မြန်မာနိုင်ငံက ပရိသတ်တော်တော်များများ ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်ကြမှာပါ။ လူကောင်ကြီးကြီး၊ ဗလတောင့်တောင့်နဲ့ နှုတ်ခမ်းမွှေး ပါးသိုင်းမွှေးတွေ အပြည့်နဲ့ Jason ဟာ Holly Wood ရုပ်ရှင်လောကမှာပါ ထင်ပေါ်ကျော်ကြားတဲ့ မင်းသားကြီးတစ်ဦး ဖြစ်ပါတယ်။ အခုလည်း မကြာသေးခင်အချိန်က Jason ဟာ Tennessee ပြည်နယ်ရှိ ဆိုင်တစ်ဆိုင်မှာ သူ့ရဲ့ပရိသတ်တွေကို စင်ပေါ်မှာ Band တစ်ခုနဲ့အတူတူ ဂစ်တာတီးပြီး ဖျော်ဖြေခဲ့ကြောင်း The Things သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

Jason ဟာ သရုပ်ဆောင် နယ်ပယ်ထဲမှာပဲ ကျင်လည်နေတဲ့ လူတစ်ဦးတော့ မဟုတ်ပါဘူး။ ကိုယ်ပိုင်ရုပ်ရှင်တွေကိုလည်း တစ်ခါတစ်လေ သူ့ဘာသာသူ ရိုက်ကူးသလို Harley Davidson ရဲ့ စူပါစတား ကြော်ငြာမင်းသားတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မကြာသေးခင်အချိန်ကလည်း သူ့ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ အင်္ကျီတွေကိုပါ ထုတ်လုပ်နေပြီဖြစ်တဲ့ မင်းသားတစ်ဦးပဲ ဖြစ်ပါတယ်။ အခုလည်း Tennessee ပြည်နယ်ရှိ Nashville မြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်မှာ အမှတ်မထင်ရောက်လာခဲ့ပြီး တီးဝိုင်းနဲ့အတူတူ ဂစ်တာတီးပြီး ပရိသတ်ကို ဖျော်ဖြေခဲ့ပါသေးတယ်။

 

အမေရိကန်နိုင်ငံရှိ Tennessee ပြည်နယ်ဟာ ဂီတအဆိုတော် တော်တော်များများကို ထုတ်လုပ်ပေးတဲ့ နယ်မြေတစ်ခုဆိုလည်း မမှားပါဘူး။ Billy Ray Cyrus, Big & Rich, Kesha, Lady A အစရှိတဲ့ နာမည်ကြီး အဆိုတော် တော်တော်များများဟာ Tennessee ပြည်နယ်သားတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ Tennessee ပြည်နယ်ထဲကို ရောက်သွားရင် ဆိုင်တော်တော်များများက တီဝိုင်းတွေမှာ Blues, Rock and Roll, Country အစရှိတဲ့ တေးဂီတမျိုးစုံကို ခံစားနားဆင်နိုင်မှာပဲ ဖြစ်ပါတယ်။ အပေါ်မှာပြထားတဲ့ ဗီဒီယိုကတော့ Jason တစ်ယောက် ပထမဦဆုံး စင်ပေါ်မှာ ဖျော်ဖြေဖူးတဲ့ အမှတ်တရတစ်ခုပါပဲ။

 

“တော်တော်လေးကို ပျော်ဖို့ကောင်းပါတယ်။ ဒီလိုမျိုး စင်ပေါ်တက်ပြီး ဂစ်တာတီးဖျော်ဖြေရတာ ဒါပထမဦးဆုံးပါပဲ။ ပရိသတ်တွေကလည်း တော်တော်လေးကို အားပေးကြပါတယ်။ ကျွန်တော်ဟာ များသောအားဖြင့် ကျွန်တော့်ရဲ့ အားလပ်ချိန်တွေမှာ ဂစ်တာလေးတီးပြီး သီချင်းတွေညည်းကာ အချိန်ကုန်လေ့ရှိပါတယ်။ ပရိသတ်တွေအရှေ့မှာ စင်ပေါ်တက်ပြီး ဂစ်တာနဲ့ ဖျော်ဖြေတာကတော့ ဒါက ပထမဦးဆုံးပါပဲ”လို့ Jason က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw