မထင်မှတ်ထားဘဲနဲ့ ဆွေမျိုးတော်စပ်နေတဲ့ ဟောလိဝုဒ် နာမည်ကျော်တွေကို ဖော်ပြပေးလိုက်ပါတယ်။

နီကိုလက်စ်ကေ့ခ်ျနဲ့ ဆိုဖီယာကော်ပိုလာ

 နီကိုလက်စ်ကေ့ခ်ျရဲ့ နာမည်အရင်းဟာ နီကိုလက်စ် ကင်မ် ကော်ပိုလာ ဖြစ်ပါတယ်။ ရုပ်ရှင်နယ်ပယ်နဲ့ တီထွင်ဖန်တီးမှု နယ်ပယ်ထဲမှာ Ghost Rider မင်းသားကြီးရဲ့ ဆွေမျိုးနီးစပ် တော်စပ်သူတွေ ၁၀ယောက်ခန့် ရှိနေပါတယ်။ သူတို့ထဲက တစ်ယောက်ကတော့ Lost in Translation နဲ့ Marie Antoinette ဇာတ်ကားတို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ဆိုဖီယာ ကော်ပိုလာပဲ ဖြစ်ပါတယ်။ ဆိုဖီယာဟာ နီကိုလက်စ်ကေ့ခ်ျနဲ့ တစ်ဝမ်းကွဲ မောင်နှမ တော်စပ်ပါတယ်။

ဂိုင်းရစ်ချီနဲ့ ကိတ်မစ်ဒယ်လ်တန်

နာမည်ကျော် ဒါရိုက်တာ ဂိုင်းရစ်ချီနဲ့ ကိန်းဘရစ်ခ်ျမြို့စားကတော် ကတ်သရင်းတို့ဟာလည်း ဆွေမျိုးတော်စပ်ကြပါတယ်။ သူတို့နှစ်ဦးဟာ အနေစိမ်းကြပေမယ့်လည်း ဆွေမျိုးတော်စပ်ကြောင်းကိုတော့ သိရှိထားကြပါတယ်။ ကိတ်ရဲ့တော်ဝင် မင်္ဂလာပွဲကိုတောင် ဒါရိုက်တာကြီးက တက်ရောက်ချီးမြှင့်ခဲ့ပါသေးတယ်။ သူတို့နှစ်ဦးဟာ ၁၈ရာစုမှာ နေထိုင်ရှင်သန်သွား ခဲ့ကြတဲ့ ဒေးဗစ် မာတင်နူးနဲ့ ဆာရာမဲဒိုး လို့ခေါ်တဲ့ ဇနီးမောင်နှံဆီက ဆင်းသက်လာကြသူတွေ ဖြစ်ပါတယ်။

အင်ဂျလီနာဂျိုလီနဲ့ ဟီလာရီကလင်တန်

ဂျိုလီရဲ့ ဆွေမျိုးအသိုင်းအ၀ိုင်းထဲမှာ ဒီလိုနိုင်ငံရေး ခေါင်းဆောင်ပိုင်းထဲက လူတစ်ယောက် ရှိနေမယ်လို့ ထင်ထားမိခဲ့မှာ မဟုတ်ပါဘူး။ ဂျိုလီနဲ့ ဟီလာရီရဲ့ ဘိုးဘေးနာမည်ကတော့ ဂျင်းန် ကာဆန်ဆိုသူဖြစ်ပြီး ကိုးဝမ်းကွဲ တော်စပ်ပါတယ်။

ဂျက်စတင်ဘီဘာနဲ့ ရွိုင်ယန်ဂေါ့စလင်း

ဂျက်စတင်ဘီဘာရဲ့ မျိုးရိုးအသိုင်းအ၀ိုင်းမှာလည်း ဟောလိဝုဒ်က နာမည်ကျော်တွေ ပါဝင်တော်စပ်နေပါတယ်။ ၄င်းတို့ အနက်က တစ်ယောက်ကတော့ Lala Land ရဲ့ မင်းသားချော ရွိုင်ယန်ဂေါ့စလင်းပဲ ဖြစ်ပြီး သူတို့နှစ်ဦးဟာ ဆယ့်တစ်ဝမ်းကွဲ တော်စပ်ကြပါတယ်။

ဖာရဲလ်ဝီလီယမ်စ်နဲ့ တင်မ်ဘားလန်း

စွမ်းရည်ပြည့်ဝတဲ့ ဒီဂီတသမားနှစ်ယောက်ဟာ သွေးသားတော်စပ်ပါတယ်။ Happy သီချင်းကို သီဆိုသူ ဖာရဲလ်နဲ့ နာမည်ကျော် rapper ကြီး တင်မ်ဘားလန်းတို့ဟာ တစ်ဝမ်းကွဲ တော်စပ်ပါတယ်။

မတ်ဒေမွန်နဲ့ ဘန်အဖလက်

နာမည်ကျော် မင်းသားတွေ တစ်ဖြစ်လည်း ငယ်သူငယ်ချင်းတွေ ဖြစ်ကြတဲ့ မတ်ဒေမွန်နဲ့ ဘန်အဖလက်တို့နှစ်ယောက်ဟာ လည်း အမျိုးတော်ပါတယ်။ နှစ်ယောက်တော်စပ်ပုံက ဝေးပေမယ့် လူချင်းကတော့ နီးစပ်ကြပါတယ်။ သူတို့နှစ်ဦးဟာ ဆယ်ဝမ်းကွဲ တော်စပ်ကြပါတယ်။

ချားလ်စ်မင်းသားနဲ့ ရက်ဖ်ဖီယန်းစ်

တော်ဝင်မင်းသား ချားလ်စ်နဲ့ ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲရဲ့ နာမည်ကျော် ဗိုဒါမော့တ် ဇာတ်ရုပ်နေရာမှာ သရုပ်ဆောင် ထားတဲ့ ရက်ဖ်ဖီယန်းစ်တို့ဟာလည်း ထူးထူးခြားခြား ဆွေမျိုးတော်စပ်နေတာကို တွေ့ရပါတယ်။ သူတို့နှစ်ယောက်ဟာ ရှစ်ဝမ်းကွဲ တော်စပ်ကြပါတယ်။

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။