ကမ္ဘာကျော် ကနေဒါအဆိုတော် Justin Bieber ဆိုရင် မသိသူမရှိလောက်အောင် ကျော်ကြားတဲ့ ပေါ့ပ်ဘုရင်တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ အောင်မြင်မှုတွေရဲ့ အစက သူ့မိခင်ကြောင့်လို့ပြောရင် လုံးဝ မမှားပါဘူး။

သူ့ရဲ့ မိခင် Pattie Mallette  ဟာ အင်မတန်ကိုမှ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဒဏ်ကို အလူးအလဲခံစားခဲ့ရသူဖြစ်ပါတယ်။ သူမရဲ့ ငယ်ရွယ်စဉ်က ဘဝဖြတ်သန်းမှုဟာ တကယ်ကိုပဲ ပင်ပန်းကြမ်းတမ်းခဲ့ပါတယ်။ သူမအသက် သုံးနှစ်အရွယ်မှာ ဖခင်ဖြစ်သူက သူမတို့ကို စွန့်ပစ်ခဲ့ပါတယ်။ သူမရဲ့ ပထွေးဖြစ်သူက သူမအသက် ၅ နှစ်ကတည်းက လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပေမယ့် ဘယ်သူ့ကိုမှ ဖွင့်မပြောရဲခဲ့ပါဘူး။ အဲ့ဒီ့နောက်မှာတော့ သူမဟာ မူယစ်ဆေးဝါးတွေ၊ အရက်သေစာတွေသောက်သုံးပြီး သူမရဲ့ နာကျင်မှုတွေကို ဖြေဖို့ ကြိုးစားခဲ့ရင်း သူမကို သူမသတ်သေဖို့အထိ ကြိုးစားခဲ့ဖူးပါတယ်။

သူမဟာ Justin ရဲ့ ဖခင်ဖြစ်သူ Jeremy နဲ့ တွဲခဲ့ပြီး အသက် ၁၇ နှစ်မှာ Justin ကို ကိုယ်ဝန်လွယ်ထားခဲ့ပါတယ်။ အသက်မပြည့်ပဲ ကိုယ်ဝန်ဆောင်တာကြောင့် ပတ်ဝန်းကျင်က လူတွေက သူမကို ကိုယ်ဝန်ဖျက်ချဖို့ အကြိမ်ကြိမ် တိုက်တွန်းခဲ့ကြပေမယ့် သူမကတော့ လုံးဝဖျက်မချခဲ့ပါဘူး။

 သူမဟာ Justin ကိုမွေးဖွားပြီးမကြာခင်မှာပဲ ခင်ပွန်းဖြစ်သူက သူတို့ကို ထားသွားခဲ့ပါတယ်။ သူမရဲ့ မိဘတွေ အကူအညီနဲ့ Justin ကို ပျိုးထောင်ခဲ့ပြီး အလုပ်လုပ်ရင်းနဲ့ ကျောင်းပြန်တက်ခဲ့ပါတယ်။ Justin ကို ကူထိန်းပေးမယ့်သူမရှိပဲ ဘယ်လိုပုံစံကျောင်းတက်ခဲ့လဲဆိုတာကတော့ အံ့မခန်းပါပဲ။ သူမဟာ အချိန်ပိုင်းအလုပ်တွေကိုလုပ်ပြီး ရတဲ့ငွေနဲ့ ကျောင်းဆက်တက်ပြီး နောက်ဆုံးမှာ ဘွဲ့ရပညာတတ်တစ်ဦး ဖြစ်လာခဲ့ပါတယ်။

များမကြာမီအချိန်မှာပဲ သူမွေးဖွားခဲ့တဲ့ သားလေးဟာ ဂစ်တာ၊ ဒရမ် နဲ့ အဆိုပိုင်းမှာ အရမ်းကို ထူးချွန်နေတာကို သိရှိခဲ့ပါတယ်။ Justin ဟာ သူလက်ဆောင်ရတဲ့ ဂစ်တာနဲ့ဒရမ်လေးကို တီးပြီး အသက် ၆ နှစ်အရွယ်မှာကတည်းက ဘယ်သူ့တိုက်တွန်းချက်မှ မပါပဲ လမ်းဘေးမှာ သီချင်းဆိုခဲ့ပါတယ်။ ပထမဆုံး သူစဆိုတဲ့နေ့ကတည်းက ဒေါ်လာပေါင်း ထောင်နဲ့ချီပြီး ရခဲ့ပါတယ်။

သားဖြစ်သူရဲ့ ဝါသနာနဲ့ ထူးချွန်မှုတို့ကို အားပေးပြီး ၂၀၀၇ ခုနှစ်မှာ အနုပညာလမ်းကြောင်းပေါ်ကို တင်ပေးခဲ့ပါတယ်။

Justin အသက် ၁၂ နှစ်အရွယ်မှာတော့ မိခင်ဖြစ်သူက သူမဘဝဇာတ်ကြောင်းတွေ အားလုံးကို ပြောပြခဲ့ပြီး သူ့လို မဖြစ်အောင်လို့ အများကြီး သွန်သင်ဆုံးမခဲ့ပါတယ်။

Justin အသက် ၁၈ နှစ်မပြည့်မချင်း ဘယ်သူ့နဲ့မှ မတွဲခဲ့သလို နောက်အိမ်ထောင်လည်း လုံးဝမပြုခဲ့ပါဘူး။ Justin အသက် ၂၁ နှစ်အရွယ်မှာတော့ သူမဟာ သူမဘဝရဲ့ လက်တွဲဖော်အသစ်နဲ့ လက်ထပ်ခဲ့ပါတယ်။

၂၀၁၂ မှာ သူမဟာ Nowhere but Up ဆိုတဲ့ သူမဘဝရဲ့ ရုန်းကန်ခဲ့ပုံတို့ကို ရေးသားထားတဲ့ စာအုပ်ကို ထုတ်ဝေခဲ့ပြီး New York Times ရဲ့ ရောင်းအားအကောင်းဆုံး စာအုပ်တစ်အုပ်ဖြစ်လာခဲ့ပါတယ်။

သူမရဲ့ မိခင်ကောင်းပီသပုံ၊ ရဲရင့်ပုံ၊ ဇွဲလုံ့လနဲ့ စိတ်ထားပြည့်ဝပုံတွေက သူမကို အမျိုးသမီးတိုင်း အတူယူသင့်တဲ့ စံပြအမျိုးသမီးတစ်ဦး ဖြစ်လာစေတဲ့အပြင် Justin Bieber လို ကမ္ဘာကျော် အနုပညာရှင်တစ်ယောက်ကို မွေးထုတ်ပေးလိုက်တဲ့ သားကောင်းမိခင်ဖြစ်လာစေခဲ့ပါတယ်။

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။