Demi Lovato လို့အများကသိထားတဲ့ အမေရိကန် အဆိုတော်၊သရုပ်ဆောင်၊ ကမ္ဘာကျော်ငွေကြယ်ပွင့်မလေးဟာ တစ်ချိန်တုန်းက သေချင်လောက်အောင် စိတ်ဓာတ်ကျခဲ့ဖူးတဲ့၊ သူတစ်ပါးရဲ့ အနိုင်ကျင့်စော်ကားတာတွေကို ခံခဲ့ရတဲ့ သနားစရာကောင်မလေးတစ်ယောက် ဖြစ်ခဲ့တယ်ဆိုတာ တကယ်ပါ။ သူဟာ ဒီအရာတွေကို ကြံ့ကြံ့ခံခဲ့ပြီး ဟောလိဝုဒ်ရဲ့ ထိပ်ဆုံးကို ရောက်ရှိလာခဲ့တဲ့ လေးစားအတုယူဖွယ် စိတ်ဓာတ်နဲ့ ဇွဲဝီရိယကြီးမားသူတစ်ယောက်ပါ။ သူ့ဘဝအကြောင်းလေးကို ပျိုမေတို့ခွန်အားယူနိုင်အောင်လို့ ဖော်ပြပေးလိုက်ပါတယ်။

Demi ဟာ ၁၂နှစ်အရွယ်တုန်းက အတန်းဖော်တွေရဲ့ အနိုင်ကျင့်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ သူ့ကို ဖက်တီးမလို့ ခေါ်ပြီး အမြဲတမ်းလှောင်ပြောင်ခဲ့ကြပါတယ်။ သူတို့တွေကို ငါ့ကိုဘာဖြစ်လို့ ဒီလောက်တောင် အမြင်ကပ်ကြတာလဲ လို့ သူမမေးလိုက်တော့ နင်ကဝတာကိုး လို့ ပြန်ဖြေခဲ့ကြပါတယ်။ တစ်ကျောင်းလုံးက အိမ်သာနံရံတွေပေါ်မှာလည်း Demi ကိုမုန်းတယ် ဆိုပြီး ရေးထားတဲ့စာတွေအပြည့်ပါပဲ။ အဲဒီလို ခံရပါများလာတော့ Demi ဟာစိတ်ဒဏ်ရာ အပြင်းအထန်ရခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ သူမဟာ ကျောင်းမတက်တော့ပဲ အိမ်မှာပဲစာသင်ခဲ့ပါတယ်။ အစာလည်းမစားနိုင်တော့တာကြောင့် ပေါင် ၃၀ ကျော်ဝိတ်ကျခဲ့ပြီး ပိန်လှီနေခဲ့ပါတယ်။

 ၂၀၁၀ မှာ သူမပြန်ပြီးဝလာတာကြောင့် အပြင်းအထန်ဝိတ်ချခဲ့ပါတယ်။ ဒီလိုနဲ့ အစားမမှန်၊အိပ်မမှန်
ဖြစ်တဲ့အဆင့်ကနေ စိတ်ကစဥ့်ကလျားတွေဖြစ်လာပြီးတော့ ကိုယ့်လက်ကောက်ဝတ်ကို ဓားနဲ့ပြန်လှီးခဲ့တာကြောင့် လူငယ်ပြုပြင်ထိန်းသိမ်းရေးစခန်းကို ရောက်ရှိခဲ့ပါတယ်။
အဲဒီ့မှာ တစ်နှစ်နေပြီးနောက်မှာတော့ သူမဟာ အနုပညာကိုဇောက်ချလုပ်ခဲ့ပြီး အခုလိုမျိုး ကမ္ဘာ့ထိပ်တန်းကြယ်တစ်ပွင့် ဖြစ်လာခဲ့တာပါ။ Skyscraper ဆိုတဲ့သီချင်းဟာ သူမခံစားခဲ့ရတာတွေကို ရေးခဲ့တာဖြစ်ပြီး၊ Waiting For You ဆိုတဲ့သီချင်းဟာလည်း သူမကို အနိုင်ကျင့်ခဲ့တဲ့သူတွေကို ရေးစပ်ထားတာဖြစ်ပါတယ်။ သူမဟာ အခုဆိုရင် ဆုပေါင်းများစွာနဲ့ စံချိန်တွေကို ချိုးနိုင်ခဲ့ရုံသာမက အနိုင်ကျင့်မှုပပျောက်ရေးနဲ့ လူမှုကူညီရေးအသင်းတွေမှာလည်း ဦးဆောင်နေသူတစ်ယောက် ဖြစ်လာတဲ့အပြင် အနိုင်ကျင့်ခံရတဲ့ မိန်းကလေးတွေရဲ့ အားကျအတုယူစရာလူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

သူမကတော့ မိန်းကလေးတွေအားလုံးကို ဒီလိုအားပေးထားပါတယ်…။ “နင်တစ်ယောက်တည်း အားငယ်တယ်လို့ခံစားရရင် ငါ့သီချင်းတွေကိုနားထောင်လိုက်ပါ၊ ငါနင်နဲ့အတူရှိနေတယ်”

Em Em(Celenow)

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။