ဗီယက်နမ်-အမေရိကန်စတားတစ်ယောက်ဖြစ်တဲ့ Kelly Marie Tran ဟာ ဆိုရှယ်မီဒီယာပေါ်ကို အခုထိ ပြန်ရောက်မလာသေးပါဘူး။ သူမဟာ Star Wars: The Last Jedi ဇာတ်ကားတုန်းက သူမရဲ့ သရုပ်ဆောင်မှုတွေနဲ့ပတ်သက်လို့ ပြင်းပြင်းထန်ထန်အဝေဖန်ခံခဲ့ရတာ ဖြစ်ပါတယ်။

Tran ဟာ The Last Jedi ထဲမှာတော့ Rose Tico အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ပရိသတ်အချို့က သူ့ကို ရုပ်ရှင်ထဲကအလကားဇာတ်ကောင်ဆိုပြီး ပြောဆိုခဲ့ကြတာပါ။ တစ်ချို့ဆိုရင် သူပါတဲ့ဇာတ်ဝင်ခန်းတွေတောင် ဖျက်ပေးဖို့တောင်းဆိုတဲ့အထိ ဖြစ်ခဲ့တာပါ။ ဒီလို cyberbullying လုပ်ခံရတာတွေကြောင့် Tran ဟာ သူ့အင်စတာအကောင့်ကိုရှင်းလင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့လတုန်းကတော့ Tran က ဆိုရှယ်မီဒီယာမသုံးဖို့ဆုံးဖြတ်ချက်ဟာ သူမအတွက် အကောင်းဆုံးဆုံးဖြတ်ချက်ပါလို့ ပြောခဲ့ပါတယ်။ သူမရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး တစ်ချို့ပရိသတ်တွေ ရှော့ခ်ရကောင်းရမှာမှန်ပေမယ့် ဒါဟာ သူမအတွက် အကောင်းဆုံးဖြစ်မယ်ထင်လို့ အခုလိုလုပ်တာပါဆိုပြီးလည်း ပြောခဲ့ပါတယ်။

The New Paper နဲ့ အင်တာဗျူးမှာတော့ အသက်၃၁နှစ်ရှိပြီဖြစ်တဲ့ Tran က “အခုတော့ ဘာမှမစဉ်းစားချင်တော့ဘူး။ နှစ်တွေလည်း ကြာနေပြီလေ။ လုပ်ရမယ့်အလုပ်ကိုတော့ ဆက်လုပ်ရမှာပါပဲ။ အဲ့ဒီအချိန်တုန်းက ကျွန်မဘဝအတွက် ပင်ပန်းရတဲ့အချိန်ဖြစ်ခဲ့တယ်။ အတွေ့အကြုံကြီးတစ်ခုလုံးကနေ အများကြီးသင်ယူလိုက်ရတယ်။ ကောင်းတာရော ဆိုးတာရောအားလုံးဟာ ကျွန်မကို ပိုကောင်းစေချင်လို့ပါပဲ။ လူသားတစ်ယောက်အနေနဲ့ ကျွန်မကိုရင့်ကျက်အောင် သင်ပေးလိုက်တာပါ။” လို့လည်း ပြောပြခဲ့ပါတယ်။

Tran က သူမဟာ ဆိုရှယ်မီဒီယာကိုတော့ ပြန်အသုံးမပြုသေးဘူးလို့ ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့လည်း သူမပါဝင်ထားတဲ့ ဒစ်စနီဇာတ်ကားသစ် Raya and the Last Dragon အင်စတာပေ့ခ်ျကိုတော့ စာသားတွေနဲ့ ဓာတ်ပုံတွေပို့ဖူးကြောင်း ပြောပြပါတယ်။ ဗီယက်နမ်လူမျိုးတစ်ယောက်အနေနဲ့ အရှေ့တောင်အာရှယဉ်ကျေးမှုကိုဖော်ညွှန်းထားတဲ့ ဇာတ်ကားတွေမှာ ခေါင်းဆောင်နေရာကနေ ပါဝင်ရတဲ့အတွက် ဂုဏ်ယူကြောင်း ပြောပြသွားခဲ့တယ်လို့လည်း nextshark သတင်းအရ သိရပါတယ်။

CeleNow