Dilraba Dilmurat ဟာ လတ်တလော တရုတ်ဒရာမာလောကထဲမှာ နာမည်ကြီးလာတဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။ သူ့ကိုတော့ She Was Pretty ၊ Eternal Love of Dream စတဲ့ဇာတ်ကားတွေနဲ့ လူသိလာတာပါ။ Dilraba Dilmurat ကိုပရိသတ်တွေက Dilireba အဖြစ်နဲ့လည်း သိကြပါတယ်။ သူမဟာ တရုတ်ဖျော်ဖြေရေးကဏ္ဍမှာတင်မကဘဲ တစ်ကမ္ဘာလုံးမှာပါ ကျော်ကြားလာနေတာဖြစ်ပါတယ်။

Dilireba ကို တရုတ်နိုင်ငံ ရှင်းကျန်းပြည်နယ် Ürümqi မှာမွေးဖွားခဲ့ပါတယ်။ Uyghur တရုတ်တိုင်းရင်းသားမျိုးနွယ်စုဝင်ဖြစ်ပါတယ်။ ၄င်းမျိုးနွယ်စုဟာ Turkic လူမျိုးနောက်ခံရှိပြီး မူဆလင်အလွှမ်းမိုးခံလို့ တရုတ်အစိုးရက သတ်မှတ်တဲ့အတွက် အမြဲတမ်း ဖိနှိပ်ခံနေရတယ်လို့ နိုင်ငံတကာမီဒီယာတွေက ဖော်ပြလေ့ရှိပါတယ်။ Dilireba ကတော့ သူ့မိသားစုနဲ့ သူ့ပုဂ္ဂိုလ်ရေးအကြောင်းကို တော်တော်လေးလျှို့ဝှက်ထားပါတယ်။

သူမဟာ ရှန်ဟိုင်းပြဇာတ်အကယ်ဒမီကနေ ဝိဇ္ဇာဘွဲ့ရခဲ့ပါတယ်။ ၂၀၁၃ခုနှစ်မှာတော့ Anarhan အမည်ရတဲ့ တီဗီဇာတ်လမ်းတွဲထဲမှာ အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါတယ်။ သူမဟာ အကြိမ်၃၀မြောက် ထူးချွန်တီဗီဇာတ်လမ်းတွဲတွေအတွက် Flying Goddess Awards ဆုလျာထားခံရဖူးပါတယ်။

Dilireba ဟာ Sword of Legends ထဲမှာပါဝင်သရုပ်ဆောင်ခဲ့ရာက တဟုန်ထိုးလူသိများလာခဲ့ပါတယ်။ ၂၀၁၇ခုနှစ်မှာလည်း She Was Pretty ရုပ်ရှင်ဇာတ်ကားထဲမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ခဲ့ပြန်တဲ့အတွက် ပိုပြီးနာမည်ရလာခဲ့ပါတယ်။ သူမဟာ ၁၂ကြိမ်မြောက် China Golden Eagle TV Art Festival မှာတော့ Golden Eagle Goddness သရဖူဆုချီးမြှင့်ခံခဲ့ရပါတယ်။

Dilireba ဟာ သရုပ်ဆောင်တတ်ရုံတင်မကဘဲ သီချင်းလည်း ဆိုတတ်ပါတယ်။ ၂၀၁၉ခုနှစ် စီစီတီဗီရဲ့ နှစ်သစ်ကူးပွဲတော်မှာ China Happy Events အမည်ရတဲ့သီချင်းကို သီဆိုခဲ့ပါသေးတယ်။ ၂၀၂၁ ခုနှစ်ထဲမှာတော့ Princess Changge အမည်ရတဲ့ သမိုင်းဒရာမာဇာတ်ကားမှာ Dilireba ကိုတွေ့မြင်ရဖို့ရှိပါတယ်။ အဲ့ဒီဇာတ်ကားထဲမှာတော့ Dilireba ဟာ မိသားစုသွေးကြွေးဆပ်ဖို့ ယောက်ျားလေးအဖြစ် ရုပ်ဖျက်ထားတဲ့ တန်မင်းဆက် မင်းသမီးတစ်ပါးအဖြစ် ပါဝင်သရုပ်ဆောင်မှာဖြစ်တယ်လို့ filmdaily ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

လင်းလင်း