နာမည်ကို မသိရင်တောင်မှပဲ ရုပ်တွေ့ရင်တော့ သြော်.. ဒီမင်းသားလားဆိုပြီး ပရိတ်သတ်ကြီးက ရင်းနှီးပြီးသားဖြစ်မှာပါ။ အသက် ၅၁ နှစ်ရှိနေပြီဖြစ်တဲ့မင်းသားကြီးဟာ အသက် ၂၀ ကျော်ကတည်းက ဘောလိဝုဒ်လောကထဲ ဝင်ရောက်လာခဲ့ရင်း ရုပ်ရှင်ကားပေါင်း ၁၀၀ ကျော်မှာ ပါဝင်ခဲ့ပါတယ်။ သူ့ရဲ့ ရုပ်ရှင်တွေဟာ အက်ရှင်ချည်းပဲလည်းမဟုတ်ဘဲ တကယ့်ကို ဂန္တဝင်မြောက် ရုပ်ရှင်ကားတွေက ပိုများလျက်ရှိနေပါတယ်။ ဒီတော့ ရုပ်ရှင်ချစ်သူတိုင်း ကြည့်ကို ကြည့်သင့်တဲ့ Akshay Kumar ရဲ့ အကောင်းဆုံး ရုပ်ရှင်ကား (၅) ကားကိုဖော်ပြပေးလိုက်ပါတယ်။

Instagram- @akshaykumar

(၁) Toile: Ek Prem Katha (2017)

Akshay Kumar တစ်ယောက်ဟာ နောက်ပိုင်းမှာတော့ ရုပ်ရှင်ချည်းပဲထက်စာရင် လူထုအကျိုးပြုစေမယ့် ဇာတ်လမ်းသွားတွေကို ပိုပြီး ရိုက်ကူးလာခဲ့ပါတယ်။ အဲဒီထဲ အထင်ကရဖြစ်နေခဲ့တဲ့ ရုပ်ရှင် ၂ ကားထဲကမှ တစ်ကားကတော့ Toilet ဆိုတဲ့ ရုပ်ရှင်ပါ။ မဖွံ့ဖြိုးတဲ့နိုင်ငံတွေရဲ့ အခြေခံပြဿနာတစ်ခုဖြစ်တဲ့ ဘာသာရေးအစွဲတွေနဲ့ အိမ်သာအကြောင်းကို ဇနီးသည်ကိုချစ်တဲ့ ခင်ပွန်းတစ်ယောက်အနေနဲ့ လှည့်ကွက်သုံးပြီး ရှုံ့ချခဲ့တဲ့ ဇာတ်လမ်းလေးပါ။ ဘာသာရေးမြေဖြစ်တာကြောင့် အိမ်သာမရှိတဲ့ ရွာလေးကို တစ်နယ်တစ်ကျေးက မိန်းမကိုယူမိတဲ့အခါမှာတော့ ချုံတိုးပြီး အိမ်သွားသွားရတဲ့အဖြစ်ကို ရွံရှာပြီး အိမ်ကနေ ထွက်သွားတဲ့ ဇနီးကို ပြန်လာဖို့ အကုန်လုံးနဲ့ဆန့်ကျင်ပြီး ရွာမှာ အိမ်သာဆောက်ဖို့ စိတ်ဆုံးဖြတ်ခဲ့ပါတော့တယ်။ ဘယ်လိုတွေဖြစ်မလဲဆိုတောတော့ Toilet မှာ ကြည့်ပြီး အဖြေရှာနိုင်ပါတယ်။

(၂) Pad Man (2018)

Pad Man ဆိုလည်း အဲဒီလိုပါပဲ။ တကယ့် အပြင်က Pad Man သို့မဟုတ် Arunachalam Muruganatham ဆိုတဲ့ အမျိုးသားတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို ပြန်ပြီး ပုံဖော်ထားတဲ့ ဇာတ်ကားလေးပါ။ အမျိုးသမီးတွေ ဓမ္မတာလာတဲ့အခါသုံးတဲ့ လစဉ်သုံးပစ္စည်းကို အခမဲ့ဖြန့်ဝေပေးခဲ့နိုင်ပြီး လူတိုင်းစားမရွေးဝယ်သုံးနိုင်တဲ့ ထုတ်ကုန်ပစ္စည်းတစ်ခုကို ဓမ္မတာလာတိုင်းအဝတ်စုတ်သုံးနေတဲ့ ဇနီးသည်ကို အကြောင်းပြုပြီး ထုတ်လုပ်နိုင်ခဲ့တဲ့ ဇာတ်လမ်းလေးပါ။

(၃) Kesari (2019)

၂၀၁၉ ခုနှစ်ကမှ ရုံတင်ပြသသွားခဲ့တဲ့ ဇာတ်ကားလေးပါ။ စစ်ကာသဘောမျိုးဖြစ်ပေမယ့်လို့ ဒရာမာလို့လည်း ဆိုနိုင်ပါတယ်။ Akshay Kumar ကိုတော့ ဒီကားထဲမှာ Sikh လူမျိုး စစ်သားတစ်ယောက်အဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။ ၁၈၉၀ ခုနှစ်လောက် ဗြိတိသျှတွေ အိန္ဒိယကို အုပ်ဆိုးစဉ်ကာလကို အခြေခံထားတာပါ။ အာဖဂန်စစ်သားပေါင်း ၁ သောင်းကို ခံချခဲ့တဲ့ Sikh လူမျိုးစစ်သား ၂၁ ယောက်ရဲ့ Saragarhi စစ်ပွဲအကြောင်းကို ရိုက်ကူးပုံဖော်ထားခဲ့တာပါ။

(၄) Jolly LL.B 2

LLB ဆိုတာ ရှေ့နေဘွဲ့ရဲ့အတိုကောက်ပါ။ Akshay Kumar ကိုတော့ ဒီကားထဲမှာ ရှေ့နေလုံးလုံးလျားလျားဖြစ်ဖို့ ကြိုးစားနေခဲ့တဲ့ ရှေ့နေကျောင်းဆင်း၊ တရားသူကြီးရဲ့ တောက်တိုမယ်ရအကူ Jolly အဖြစ် မြင်တွေ့ရမှာပါ။ ဘယ်သူမှမလိုက်ဘဲ လျစ်လျူရှုခံထားရတဲ့ အမှုတစ်ခုကိုလိုက်ပေးဖို့ တရားသူါ်ကြီးကို ပြောပေးလိုက်မယ်ဆိုပြီး ငွေလက်ခံခဲ့မိပါတယ်။ ဒါပေမဲ့ တရားသူကြီးကိုတော့ အဲဒီအမှုအကြောင်း မပြောပေးဘဲ ငွေသုံးဖို့လိုလို့ လှည့်လိုက်တဲ့သဘောမျိုးပေါ့။ နောက်တော့ အမှုလာအပ်တဲ့ ကိုယ်ဝန်သည်အမျိုးသမီးဟာ ဒီအကြောင်းကို သိသွားပြီး ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပါတယ်။ အိပ်မက်ဆိုးတစ်ခုလို ခြောက်လှန့်နေခဲ့တဲ့ ဒီကိစ္စကြီးကြောင့် Jolly တစ်ယောက် ဒီအမှုကို ကိုယ်တိုင် လိုက်ဖို့ လုပ်ခဲ့ပါတယ်။ အမှုဟာ ပါကစ္စတန်အကြမ်းဖက်ကိစ္စနဲ့ပတ်သက်ပြီး တကယ့်အကြမ်းဖက်သမားကို ရဲဖက်ကလွှတ်ပေးကာ အပြစ်မရှိတဲ့ ကိုယ်ဝန်သည်ရဲ့ ခင်ပွန်းကို လူစားထိုးအနေနဲ့ ရဲတွေကိုယ်တိုင် သတ်လိုက်ခဲတဲ့ အမှုဖြစ်တာကြောင့် အသက်အန္တရာယ်ပါ ခြိမ်းခြောက်ခံရတဲ့အထိကိုဖြစ်ခဲ့ရင်း နောက်ဆုံးမှာတော့..

(၅) OMG (၂၀၁၂)

Oh My God ရဲ့ အတိုကောက် OMG ဇာတ်ကားလေးကတော့ ဘာသာရေးကို အရမ်းအလေးထားတဲ့ အိန္ဒိယနိုင်ငံအတွက်တော့ တော်တော်လေးကို ဂယက်ရိုက်သွားစေခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဒီကားကြောင့် သရုပ်ဆောင်တွေရော ဒါရိုက်တာရောဟာ အသက်ကို ခြိမ်းခြောက်တဲ့စာတွေတောင်အပို့ခံခဲ့ရတဲ့ထိကို ဖြစ်ခဲ့တာပါ။ Akshay Kumar ကိုတော့ ဒီကားထဲမှာ ဘုရားအဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ငလျှင်ကြောင့် ဘုရားပစ္စည်းအရောင်းဆိုင်လေး ပျက်စီးခဲ့ရတဲ့ စီးပွားရေးသမားတစ်ယောက်၊ အာမခံစာချုပ်ထဲမှာ ဘုရားကြောင့်ဖြစ်တဲ့မတော်တဆမှုတွေဆို အလျော်မပေးဘူးလို့ ပါထားခဲ့တဲ့အခါမှာတော့ ဘုရားကို တရားစွဲခဲ့ပါတယ်။ အဲဒီမှာ ဘာသာပေါင်းစုံနဲ့ လူထုကတစ်ဖက်၊ စီးပွားရေးသမားကတစ်ဖက်နဲ့ တရားရင်ဆိုင်ကြတဲ့အခါ ဘယ်လိုတွေဖြစ်သွားမလဲဆိုတာကို မြိုင်မြိုင်ဆိုင်ဆိုင်လေး ကြည့်ရမှာပါ။

penny