အွန်လိုင်းပေါ်မှာ သူမရဲ့ဓာတ်ပုံတွေနဲ့ပတ်သက်ပြီး ဝေဖန်ခဲ့တဲ့ body-shamer တွေကို Billie Eilish က ပြန်လည်တုံ့ပြန်ခဲ့တယ်လို့ insider အရသိရပါတယ်။ အင်္ဂါနေ့ညတုန်းက ၁၈နှစ်အရွယ် Eilish ဟာ  အင်စတာဂရမ်အကောင့် chiziduru ရဲ့ပို့စ်တစ်ခုကိုရှဲခဲ့ပါတယ်။ အဲ့ဒီပို့စ်မှာတော့ Duru က လူတွေဟာ မိမိရဲ့ မူလပိုင်ဆိုင်ထားတဲ့ခန္ဓာကိုယ်ကို ချစ်တတ်ဖို့၊ ဗိုက်တွေပူလာတာ၊ ရင်သားတွေတွဲကျလာတာတွေဟာ ပုံမှန်ပဲဖြစ်ကြောင်းနဲ့ အင်စတာဂရမ်ပေါ်တင်သမျှက အမှန်မဟုတ်ဘူးဆိုပြီး တိုက်တွန်းထားခဲ့တာပါ။

Daily Mail သတင်းဌာနဟာ Eiilsh တစ်ယောက် လော့စ်အင်ဂျလိစ်မှာ အပြေးလေ့ကျင့်ခန်းလုပ်နေတဲ့ဓာတ်ပုံအချို့ကို လိုင်းပေါ်တင်ခဲ့ပါတယ်။ ဓာတ်ပုံတွေထဲမှာတော့ Eilish ဟာ လက်ပြတ်အင်္ကျီဝတ်ပြီး ဘောင်းဘီတိုနဲ့ဖြစ်ပါတယ်။ ခါတိုင်းသူ့ကို မြင်နေကျလို အင်္ကျီဘောင်းဘီအပွစတိုင်နဲ့မဟုတ်ပါဘူး။

ဒီပုံတွေမြင်ပြီး တစ်ချို့လူတွေကတော့ ဆယ်ကျော်သက်လေး Eilish ရဲ့ ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ပါတယ်။ ၂၉နှစ်အရွယ် အမျိုးသားတစ်ယောက်ဆိုရင်လည်း  Eilish ဟာ အသက်၃၀ကျော်အရွယ် ကလေးအမေကိုယ်လုံးမျိုးနဲ့တူနေတယ်ဆိုပြီး ကဲ့ရဲ့ထားခဲ့တာပါ။ Daily Mail ရဲ့အဆိုပါ ဓာတ်ပုံတွေတက်လာပြီးနောက်ပိုင်း Eilish ဟာ Duru ရဲ့ဗီဒီယိုကို အလိမ္မာနဲ့ပြန်ရှဲခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်အချို့ကတော့ Eilish ဘက်ကနေ ကာကွယ်ပြောဆိုခဲ့ပြီး လက်တွေ့မကျတဲ့ အလှအပစံနှုန်းတွေကိုသာ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။  တစ်ချို့ကလည်း Eilish ရဲ့ “Not My Responsibility” အမည်ရတဲ့ short film ကိုပြန်ပြောထားပါသေးတယ်။ အဲ့ဒီထဲမှာတော့ Eilish က သူ့အပေါ်မှာလူတွေရဲ့ body-shaming လုပ်ပုံတွေ၊ ကျားမခွဲခြားဆက်ဆံတာတွေနဲ့ လူတွေရဲ့အမြင်မှာ သူတို့ဖြစ်စေချင်တဲ့မျှော်လင့်မှုတွေကို ရိုက်ပြထားတယ်လို့လည်း သိရပါတယ်။

လင်းလင်း