တောင်ကိုရီးယားနိုင်ငံရဲ့ မင်းသမီးချောလေး Bae Suzy ကိုတော့ K-pop ပရိသတ်အများစုကတော့ သိရှိကြပြီး ဖြစ်မှာပါ။ အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ Bae Suzy ဟာ Ashfall, The Sound of a Flower, Architecture အစရှိတဲ့ နာမည်ကြီးဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးတစ်ယောက်ဖြစ်သလို Dream High, Gu Family Book, My Love From The Star အစရှိတဲ့ နာမည်ကြီးကိုရီးယားဇာတ်လမ်းတွဲတွေနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသမီးတစ်ဦး ဖြစ်ပါတယ်။ အခုပြောပြချင်တာကတော့ မင်းသမီးချောလေး Bae Suzy အကြောင်း ပရိသတ်တော်တော်များများ မသိကြသေးတဲ့ အချက် ၅ ချက်ပဲ ဖြစ်ပါတယ်။ ဒီအချက် ၅ ချက်ကိုတော့ SCMP သတင်းဌာနမှာ ဖော်ပြဖူးတဲ့ အချက်အလက်တစ်ချို့ကို မှီငြမ်းပြီး Cele Now ပရိသတ်ကြီးသိအောင် ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။
၁။ Bae Suzy ဟာတောင်ကိုရီးယားနိုင်ငံသားတွေရဲ့အချစ်ဆုံး မင်းသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်
တောင်ကိုရီးယားနိုင်ငံက မင်းသမီးအများစုဟာ ကိုရီးယားနိုင်ငံမှာသာမက အခြားကမ္ဘာ့နိုင်ငံတွေအထိပါ ကျော်ကြားတဲ့ မင်းသမီးတွေ ဖြစ်ပါတယ်။ Jun Ji-hyum, Son Ye-jin, Lee Yeon-hee အစရှိတဲ့ တောင်ကိုရီးယားမင်းသမီးတွေဟာ ကမ္ဘာကျော် မင်းသမီးတွေ ဖြစ်ပါတယ်။ ဒါပေမယ့် Bae Suzy ကတော့ အခြားမင်းသမီးတွေထက် တောင်ကိုရီးယားနိုင်ငံတွင်းမှာ ပရိသတ်ပိုများသူဖြစ်ပြီး တောင်ကိုးရီးယားနိုင်ငံရဲ့ ပြည့်သူ့အချစ်တော်မင်းသမီးလေးတစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ မင်းသမီးတစ်ဦးပဲ ဖြစ်ပါတယ်။
၂။ Bae Suzy ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ဝင်ငွေအကောင်းဆုံးမင်းသမီးတွေထဲမှာ ပါဝင် ပါတယ်
Bae Suzy ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ CF Queen(Commercial Film Queen) တစ်ယောက်ဆိုလည်း မမှားပါဘူး။ သူမဟာ ၂၀၁၃ ခုနှစ်မှာတောင် အမေရိကန်ဒေါ်လာ ၉ သန်းနီးပါ ဝင်ငွေရှိတယ်လို့ ဖော်ပြခြင်းခံရတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပြီး သူမရဲ့ အနုပညာကြေးကတော့ ဇာတ်ကားတစ်ကားကို အမေရိကန်ဒေါ်လာ ၅၄၀,၀၀၀ အထိကြေးပေါက်ပြီး နာမည်ကြီးမင်းသမီးတွေဖြစ်တဲ့ Yoona, Jun Ji-hyun တို့နဲ့ ကြေးအတူတူပဲ ဖြစ်ပါတယ်။ ဒီ ၂၀၂၀ ခုနှစ်ထဲမှာဆိုရင်လည်း Lancome , Guess တို့လို ဘရန်းတွေအတွက် ကြော်ငြာရိုက်ကူးပေးခဲ့ရပါသေးတယ်။
၃။ ပွဲဦးထွက် ရိုက်ကူးခဲ့တဲ့ Dream High စီးရီးနဲ့ ဆုနှစ်ဆုတောင် ရရှိခဲ့ပါတယ်
Dream High စီးရီးဇာတ်ကားကတော့ Bae Suzy ကို လူတော်တော်များများ စတင်သိရှိလာခဲ့တဲ့ ကိုရီးယားဇာတ်လမ်းတွဲ တစ်တွဲဖြစ်သလို ဒီစီးရီးစတင်သရုပ်ဆောင်ချိန်မှာ Suzy ဟာ အသက် (၁၆) နှစ်သာရှိသေးတဲ့ မင်းသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီစီးရီးနဲ့ Best Newcomer Actress ဆုကို ရရှိခဲ့သလို မင်းသား Kim Soo-hyun နဲ့ Best Couple ဆုကို KBS Drama Awards ဆုပေးပွဲမှာ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။
၎။ Bae Suzy ဟာ သူမရဲ့ စိတ်အခြေအနေကိုလည်း ပွင့်ပွင့်လင်းလင်းပြောပြခဲ့ဖူးပါတယ်
၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလတုန်းက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ Bae Suzy ဟာ ပရိသတ်တွေအရှေ့မှာ အပြင်းအထန်ငိုကြွေးခဲ့ဖူးပါတယ်။ ဒီလိုငိုခဲ့တဲ့အကြောင်းအရင်းကိုတော့ ၂၀၁၃ ခုနှစ်က ပြုလုပ်ခဲ့တဲ့ Healing Camp Talk Show တစ်ခုမှာ Bae Suzy ဟာ ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပါတယ်။ သူမရဲ့ ပြောပုံအရဆိုရင် လူတွေ သူ့အနားမှာ ဝိုင်းအုံလာပြီး ဆူညံနေရင် သူ့ရဲ့စိတ်တွေဟာ မတည်ငြိမ်တော့ပဲ ဘာကိုကြောက်လို့ ကြောက်မှန်းမသိတွေ ဖြစ်လာတတ်ကြောင်း ပြောပြခဲ့ပါတယ်။ ဒါ့ကြောင့်လည်း အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ စိတ်ထဲရုတ်တရက်အရမ်းကြောက်လာခဲ့လို့ ငိုချခဲ့မိတာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။
၅။ Bae Suzy ဟာ Miss A အဖွဲ့မှာလည်း အသက်အငယ်ဆုံး အဖွဲ့ဝင်ဖြစ်ပါတယ်
Bae Suzy ဟာ နာမည်ကြီး K-pop အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Miss A အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သလို အငယ်ဆုံး အဖွဲ့ဝင်တစ်ယောက်ဆိုလည်း မမှားပါဘူး။ Bae Suzy ဟာ အသက် ၁၅ နှစ်ကတည်းက Miss A အဖွဲ့ကို ဝင်ရောက်ခဲ့တာ ဖြစ်သလို သူမကို K-pop idol တစ်ယောက်အဖြစ် မိတ်မဆက်ပေးခင် (၁၀) လ ခန့်သာ training ဆင်းခဲ့ရတာ ဖြစ်ပါတယ်။
Pyi Hein Kyaw